ဂျပန် ကား ကုမ္ပဏီကြီး Honda ကတော့ သူတို့ရဲ့ ဥရောပ ဈေးကွက်ကို 2023 Honda ZR-V ကားသစ် တစ်မျိုး မိတ်ဆက်ပေးခြင်းနဲ့ အတူချဲ့ထွင် လိုက်ပြန်ပါပြီ။ အဆိုပါ ကားအသစ်ကတော့ ဥရောပ ဈေးကွက်ကို လာမယ့် ၂၀၂၃ မှာ စတင်ဝင်ရောက်လာမှာ ဖြစ်ကာ HR-V နဲ့ CR-V တို့ အကြားမှာ ရပ်တည်လာမယ့် ကားအသစ်လည်း ဖြစ်ပါတယ်။ လက်ရှိ အချိန်အထိတော့ Honda ဘက်ကနေအခု Crossover အသစ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကို ချမပြထားသေးပဲ လောလောဆယ် သိထားရတာလေးက တော့ Hybrid စွမ်းအင်သုံးပေးလာမယ် ဆိုတာပါပဲ။ ဒါ့အပြင် HR-V နဲ့ နောက်မျိုးဆက်သစ် CR-V တို့ နဲ့ အတူတူ နောက်ပိုင်းကျရင် လျှပ်စစ်စွမ်းအင်သုံး ကားဖြစ်လာမယ် ဆိုတာကိုလည်း သိထား ရပါသေးတယ်။

Photo Credit: motor 1.com

တကယ်တော့ အဆိုပါ ကားသစ်က Honda ရဲ့ ဥရောပ ဈေးကွက်အတွက် Hybrid ကားအသစ်တွေ ချဲ့ထွင် ဖို့ ဗျူဟာ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ အဆိုပါ SUV အသစ်ကတော့ Civic e:HEV နဲ့ အတူတူ ဈေးကွက်ထဲဝင်လာမှာ ဖြစ်ကာ အဆိုပါ ကားကလည်း အခုနှစ်ရဲ့ တတိယ ၃ လ ပတ် ကာလ လောက်မှာ စတင်‌ဝင်ရောက်လာ နိုင်မှာပါ။ တစ်ခု စိတ်ဝင်စားစရာ ကောင်းတာ ကတော့ အဆိုပါ ZR-V ကားသစ်တွေ က HR-V တွေမှာ ပါတဲ့ Hybrid အင်ဂျင်တွေ အတိုင်း သုံးလာမှာလား ၊ ဒါမှမဟုတ် လျှပ်စစ်စွမ်းအင်နဲ့ ပေါင်းစပ်ထားတဲ့ Honda Civic ဆီကနေ ပိုကောင်းတဲ့ အင်ဂျင် ကို ယူသုံးလာမလား ဆိုတာပါပဲ။ တစ်ချို့ သတင်းတွေအရ ဆိုရင်လည်း အခု ကားသစ်က Civic အပေါ် အခြေခံပြီး ဖန်တီး ထားတယ်လို့ သိရတာ ကြောင့် ဖြစ်လာနိုင်ချေလည်း ရှိပြန်ပါတယ်။ ဒါ့အပြင် အဆိုပါ ZR-V ကားသစ်ကိုပဲ တရုတ် ဈေးကွက် အတွက် ရည်ရွယ်ထားတဲ့ ကားပုံရိပ်တွေ မြင်တွေ့ခဲ့ရပြီး အခု ဥရောပ ကားဈေးကွက်အတွက် ကားတွေက လည်း ဒီဇိုင်းပိုင်း အရတော့ တော်တော်လေးဆင်တူ ဖြစ်လာနိုင်တာပါ။ ဒါပေမယ့် တရုတ် ဈေးကွက်ထဲမှာ တော့ အဆိုပါကားကို Hybrid မဟုတ်တဲ့ 1.5 Liter Turbo Engine နဲ့သာ ရောင်းချမှာ ဖြစ်ပြီး CVT နဲ့ တွဲဖက်ရနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်ကိုတော့ GAC-Honda ဆိုတဲ့ ပြည်တွင်း ဖက်စပ်ကုမ္ပဏီက ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ အခုကားသစ်မှာ သုံးထားတဲ့ Z ဆိုတဲ့ နာမည်အသစ်ကတော့ ၂၁ ရာစု လူငယ် တွေဖြစ်ကြတဲ့ Generation Z တွေအတွက် ရည်ရွယ်ထားတဲ့ လူငယ်ဆန်ဆန်ကား ဖြစ်တာကြောင့်ပါပဲ။

Photo Credit: motor 1.com

ဥရောပမှ အခု ZR-V ကားသစ်ကို စတင် မိတ်ဆက်မယ့် အချိန်မှာပဲ ကုမ္ပဏီ ဘက်ကနေ လျှပ်စစ်စွမ်းအင် လုံးဝ မပေါင်းစပ် ထားတဲ့ ကားသစ်တစ်မျိုးကိုပါ ထုတ်လုပ်ပေးလာ နိုင်ပါသေးတယ်။ အဆိုပါ ကားသစ်က တော့ အသစ် ထွက်လာမယ့် Civic Type R ဖြစ်ပြီး 2.0 Liter Turbocharged Engine ကိုပဲ သုံးပေးထား မှာဖြစ်ကာ စွမ်းဆောင်ရည် ကလည်း 300 hp ကျော် နိုင်ပါတယ်။ Honda ကတော့ နောက်ထပ် CR-V မျိုးဆက်သစ်ကိုလည်းလတ်တလောမှာ ဖန်တီး နေတယ်လို့ သတင်းတွေ ထွက်ထားပြီး Plug-In Hybrid နဲ့ ကားတစ်စီး ဖြစ်လာနိုင်ကာ ဥရောပ ဈေးကွက်ထဲ ကိုပဲနောက်နှစ်လောက် ထည့်ပေးနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

Ref: motor 1.com