ဒီဇိုင်းပြောင်းလဲ ထားတဲ့ Pilot ကားသစ်ကိုတော့ ‌အတွင်းခန်း ကျယ်ကျယ်၊ ဒီဇိုင်း ခပ်တောင့်တောင့်နဲ့ ကားတစ်စီး အဖြစ် Honda တို့ ချပြလာပါတယ်။ အရွယ်အစား အလယ်အလတ်ရှိတဲ့ SUV ကားတစ်စီးဖြစ်တဲ့ Pilot ကားကတော့ ၄ ခုမြောက် မျိုးဆက်ဖြစ်လာပြီး အခု 2023 Model ကိုတော့ ဒီဇင်ဘာမှာ စတင်ရောင်းချလာမယ်လို့ သိရပါတယ်။ ဈေးနှုန်း အတိအကျတွေကိုတော့ မသိရသေးတာမို့ ဈေးကွက်ရောက်ခါနီး အထိ စောင့်ကြည့် ရဦးမှာပါ။ ကားကတော့ အရှည် ၂၀၀ လက်မ နီးပါးလောက်အထိ ရှိပြီး ယခင်မျိုးဆက်တုန်းကတော့ ၁၉၆.၅ လက်မအထိပဲ ရှိတာကြောင့် အခု ကားသစ်က Honda SUV တွေထဲ အကြီးဆုံး ဖြစ် လာပါတယ်။ ကားရဲ့ ဘီးတွေအကြား အကွာ အဝေးကလည်း ၂.၈ လက်မ လောက် ပိုကွာလာတာကြောင့် ၁၁၃.၈ လက်မ အထိကို ရှိလာခဲ့ပါတယ်။ ဒီ အချက် အလက်တွေကြောင့်ပဲ ကားက ခရီးသည်တွေ အတွက် ရော ပစ္စည်းတင်ဖို့ အတွက်ပါ နေရာ ပိုကျယ်လာတာ သေချာ နေပါတယ်။

Photo Credit: MotorAuthority

ကားသစ်ကတော့ ထိုင်ခုံ ၈ လုံးကိုမှ ထိုင်ခုံ ၃ တန်းစာ ထည့်ပေးထားပြီး ဒုတိယမြောက် ထိုင်ခုံတန်းမှာလည်း အလယ် ထိုင်ခုံပါ မပါကို စိတ်ကြိုက် ရွေးဝယ်နိုင်ပါသေးတယ်။ တတိယမြောက် ထိုင်ခုံတန်း နောက်က ပစ္စည်းတင်တဲ့ ပမာဏကလည်း ၂၂.၄ ကုဗပေ အထိကို ရှိလာတာဖြစ်ပြီး ဒုတိယနဲ့ တတိယ ထိုင်ခုံတန်းကို ခေါက် လိုက်မယ်ဆိုရင် ပစ္စည်းတင်စရာ နေရာက ၁၁၃.၇ လက်မ အထိကို ရှိလာမှာပါ။ အင်ဂျင်ပိုင်းကတော့ 3.5 Liter V6 Engine သုံးထားတာကြောင့် 285 hp နဲ့ 262 lb-ft Torque အထိကို စွမ်းဆောင်လာ နိုင်ပါတယ်။ ဂီယာပိုင်းကတော့ 10-Speed Automatic Gear ကိုမှ Front-Wheel Drive ကို Standard အနေနဲ့ ထည့်သွင်း တွဲဖက်ထားတာပါ။ All- Wheel Drive စနစ်ကိုလည်း ရွေးချယ်လို့ ရနိုင်မှာဖြစ်ပြီး Grade အမြင့်တွေမှာ ဆိုရင်တော့ Standard အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ကားရဲ့ အပြင်ဘက်ကို ကြည့်မယ် ဆိုရင် ယခင် Pilot တွေထက်ပိုပြီး ခပ်ကြမ်းကြမ်း အရသာ ခံစားရစေတဲ့ အပြင်အဆင် ဖြစ်လာသလို SUV ထက်စာရင် Minivan လို့တောင် ပိုထင်ရစေမယ့် Soft Line လေးတွေလည်း ထည့်ပေးထားပါသေးတယ်။ သာမန်ထက် ပိုကြမ်း တဲ့ ဒီဇိုင်းပိုင်း အပြင်အဆင်ကိုတော့ လမ်းကြမ်း ပိုင်းအတွက် Suspension တွေ Tuning သေချာပြန်လုပ်ထားတဲ့ Pilot Trailsport Grade ကားမှာ မြင်ရမှာပါ။ ပုံမှန်ထက် ၁ လက်မ ပိုမြင့်တဲ့ ကားအမြင့်၊ စတီး Skid Plate တွေ ၊ ၁၈ လက်မ အရွယ် ဘီး နဲ့ All-Terrain တာယာ တွေက ကားကို သာမန်နဲ့ ကွဲထွက်နေစေတဲ့အပြင် သီးသန့်ဆန်တဲ့ အပြာရောင်ကိုလည်း အဆိုပါ ကားမှာ ရနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခုကားမှာ သုံးထားတဲ့ Platform ကတော့ 2022 Acura MDX မှာ စသုံးခဲ့တဲ့ Honda ရဲ့ Global Light Truck Platform ဖြစ်ကာ 2023 Pilot အတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ရနိုင်မယ့် Platform လည်း ဖြစ်ပါတယ်။ Suspension ပိုင်းကလည်း အရှေ့မှာဆိုရင် MacPherson Struts Up တွေပါဝင်ပြီး အနောက်ဘက်မှာလည်း Multi- Link Setup အသစ် ပါဝင်လာတာပါ။ Trailsport မှာ ပိုကောင်းလာတာ ကတော့ Stabilizer Bar တွေ ၊ Spring Rate တွေကို ကောင်းကောင်း Tuning လုပ်ပေးထားတာဖြစ်ပြီး Damper Valves တွေကိုလည်း ပိုကောင်းအောင် လုပ် ပေးထားတာကြောင့် ကားက သာမန်ထက်ကို ပိုမြင့် လာစေတာ တွေ့ရမှာပါ။ ဒီဂျစ်တယ် နည်းပညာပိုင်းမှာ ကတော့ ၁၀.၂ လက်မ ရှိတဲ့ Instrument Cluster ၊ ၉ လက်မ ရှိတဲ့ Infotainment Screen တို့ အနေနဲ့ ထည့်သွင်း ပေးထားပြီး Sport ၊ Tow နဲ့ Trail Mode တွေပါဝင်တဲ့ Driving Mode ၇ မျိုး လောက် အထိကိုလည်း ရွေးချယ်လို့ ရအောင် စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် Trail Sport ကားမှာပဲ သီးသန့်ရနိုင်တဲ့ Trail Torque Logic Mode ကလည်း လမ်းကြမ်း ပိုင်းသီးသန့် အတွက်ဖြစ်ပြီး လိုရင်လိုသလို ဘီးတစ်ဘီးချင်းစီအလိုက် မြှင့်ပေးနိုင်မယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ‌ကားသစ်မှာ နောက်ထပ် အသစ် ပါဝင်လာတာကတော့ ကင်မရာစနစ်ဖြစ်ပြီး ယာဉ်မောင်းရဲ့ မြင် ကွင်း အတွင်းက အတားအဆီး မှန်သမျှတွေကို လမ်းညွှန်ထောက်လှမ်း ပေးနိုင်မယ့် ကင်မရာ ၄ လုံးအထိ တပ်ဆင် ပေးထားပါတယ်။ Honda Pilot ကတော့ သူ့ထက် ပိုသေးတဲ့ CR-V ကားလောက်တော့ နာမည် မကြီး ပေမယ့်လည်း Honda Lineup ထဲမှာတော့ အရေးပါဆဲပါပဲ။ မနှစ်က ဈေးကွက်မှာဆိုရင် Honda Pilot ကားအစီးရေပေါင်း ၁၄၃,၀၆၂ အထိကို အမေရိက ဈေးကွက်တစ်ခုတည်းမှာတင် ရောင်းချခဲ့ရပြီး အခု ကားသစ်တွေကိုတော့ အမေရိကန် ၊ အလာဘားမား ပြည်နယ်ရဲ့ လင်ကွန်းမှာပဲ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Ref: MotorAuthority