Honda အနေနဲ့ ကတော့ သူတို့ရဲ့ ၂၀၂၃ မော်ဒယ် CR-V အသစ်ကို မကြာမီ တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပြီး အဆိုပါ ဒီဇိုင်းအသစ်နဲ့ Crossover ကားကိုတော့ တဖြည်းဖြည်းချင်း လူစိတ်ဝင်စားအောင် ပုံရိပ် လေးတွေ ချပြပေးလာ နေတာပါ။ အပြင်ဘက် ကားပုံရိပ်တွေကိုတော့ မြင်ထားရပြီး ဖြစ်ပေမယ့် အခု Teaser အသစ်မှာ ဆိုရင် အတွင်းခန်း ပုံရိပ်တွေကို ပထမဆုံးအကြိမ် ချပြလာခဲ့ပြီဖြစ်ကာ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ ပိုပိုပြီး အသေးစိတ် သိရတော့မှာပဲ ဖြစ်ပါတယ်။ အခု အသစ်မြင်လာရတဲ့ ပုံထဲမှာတော့ CR-V အသစ် ရဲ့ Cabin ပိုင်းကို အဓိက တွေ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ် Civic ကားအ သစ်ကို မြင်ဖူးထားတဲ့ သူဆိုရင်တော့ ဒီပုံကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး ၊ ဘယ်လိုပဲ ဒီ ကားနှစ်စီးကြား တူညီမှုတစ်ချို့ ရှိထားတယ်ဆိုပေမယ့် အပြောင်းအလဲ ကွာခြားချက် တစ်ချို့တော့ ရှိနေသေးတာပဲ ဖြစ်ပါ တယ်။ 2023 CR-V ကတော့ Civic ရဲ့ Cabin နဲ့ဆိုရင် Layout အတူတူ ဖန်တီး ထားတာ ဖြစ်ပြီး Dash ရဲ့ အပေါ်ဘက်နားလေးမှာ Infotainment Screen ကို ထည့်ပေးထားတာဖြစ်‌ကာ HVAC Vents အဲကွန်း ပေါက် တွေရဲ့ အပေါ်ကိုလည်း သိသိသာသာ ရောက်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် Civic နဲ့ ကွာသွားတဲ့ အပိုင်းကတော့ အလယ်က Console ပိုင်း ဖြစ်ပြီး ဂီယာ နေရာကို ခလုတ် တွေနဲ့ တန်းစီ ပြောင်းပေးထားလိုက်တာ ဖြစ်ပါတယ်။ Civic မှာတုန်းက အလယ်တည့်တည့်မှာ ရှိခဲ့တဲ့ အအေးခွက်တွေ ဘာတွေ ထည့်လို့ ရမယ့် နေရာကတော့ အခုကားမှာ Armrest ရှေ့နားလောက် အထိ နေရာပြောင်းသွားတာ တွေ့ရပါတယ်။ အခြားသော မတူတဲ့ နေရာတွေမှာ ဆိုရင်တော့ ပိုကြီးလာတဲ့ အဲကွန်း ပေါက်တွေနဲ့ ပုံစံပြောင်းထားတဲ့ တံခါးအတွင်း ပိုင်း လက်တင်နေရာတွေက သိသာ နေစေမှာပါ။ 2023 CR-V က Civic အသစ်နဲ့ ယှဉ်ရင် အများကြီး ကွာခြားမှု မရှိ နေခဲ့ဘူး ဆိုပေမယ့် ယခင်မျိုးဆက် CR-V နဲ့ ယှဉ်မယ် ဆိုရင်တော့ သိသိသာသာ တိုးတက်လာတဲ့ အပိုင်းတွေ အများကြီး ဖြစ်လာခဲ့ပါတယ်။ အပြင်ပိုင်း မှာလည်း ယခင်ကထက်စာရင် အများကြီး သိသိသာသာ ပြောင်းလဲလာ ခဲ့တာ တွေ့ရပြီး ယခင်‌တုန်းက ဆန်းသစ်လွန်းတဲ့ အသွင်ဆီကနေ တစ်ဖန်ပြန်ပြီး ခပ်ငြိမ်ငြိမ်နဲ့ ကြည့်ကောင်း ခန့်ညားတဲ့ ဘက်ကို ပြန် ရောက်လာပြန်တာ ဖြစ်ပါတယ်။ ကားကတော့ အမေရိက Version မှာ ဆိုရင်လည်း ပိုသိသာ ထင်ရှားတဲ့ Grille  အပြင် အခြားသော ကမ္ဘာ့ဈေးကွက်တွေထဲက CR-V တွေနဲ့ မတူပဲ သိသိသာသာ ကွဲပြားနေမယ့် ကားတစ်စီး အဖြစ် မြင်ရဦးမှာပါ။

Photo Credit: Motor 1.com

ကားရဲ့ ပုံစံတွေကို အထိုက်အလျောက် မြင်ထားရပြီ ဆိုပေမယ့်လည်း စက်ပိုင်းဆိုင်ရာ အချက်အလက် တွေ ကိုတော့ မတွေ့ရသေးပဲ ဂတ်စ် အင်ဂျင်နဲ့ တွဲလာမယ့် Hybrid ကားတစ်စီးကိုလည်း ထုတ်ပေးလာလိမ့်မယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Civic ရဲ့ အင်ဂျင် အတွဲအစပ် တစ်မျိုးမျိုးကိုလည်း အခုကားမှာ မြင်ရနိုင်ပြီး အပြောင်းအလဲ တစ်ချို့တော့ လုပ်ပေးလာဖို့ မျှော်လင့်ရကာ Honda အနေနဲ့ Civic e:HEV Hybrid ကိုလည်း ထုတ်ပေးထားတာ ကြောင့် အဆိုပါ အမျိုးအစားဖြစ်နိုင်မယ်လို့လည်း ယူဆရပါတယ်။ အဆိုပါ ကားတုန်းကတော့ စွမ်းဆောင်ရည်က 181 hp အထိ ရှိထားပါတယ်။ Honda အနေနဲ့ CR-V အသစ် ကို အခုနှစ် နွေရာသီမှာပဲ ထုတ်ပြလာမယ်လို့ ဆိုထား ပေမယ့်ရက် အတိအကျကို မသိရသေးတာကြောင့် အခုအသေးစိတ် သိရမယ်လို့ ဆိုတဲ့ ဇူလိုင်လ ၁၂ ရက်နေ့က တရားဝင် မိတ်ဆက်‌မှာလား ဆိုတာတော့ မသေချာသေးပါဘူး။ ပုံမှန်အားဖြင့်တော့ Honda က ကားသစ်တွေကို ချမပြ ခင်မှာ စက်ပိုင်းဆိုင်ရာ အချက် အလက်တွေကို သေချာထိန်းသိမ်းပြီး ဒီဇိုင်းပုံရိပ်လေးတွေနဲ့ပဲ လျှို့လျှို့ဝှက်ဝှက် ဆွဲဆောင်တတ်တဲ့ အနေ အထားက လုပ်နေကြဖြစ်ပါတယ်။ အခု ကားအသစ်မှာတော့ Honda အနေနဲ့ Hybrid ရော၊ ဂတ်စ် အင်ဂျင် အနေနဲ့ပါ တစ်ပြိုင်တည်း ထုတ်ပေးနိုင်ဖို့ မျှော်လင့်ရပြီး လက်ရှိမျိုးဆက် CR-V ကားကိုတော့ အမေရိက ‌ဈေးကွက် ထဲကို ၂၀၁၇ ခုနှစ် ကတည်းက ပို့ဆောင်ပေးနိုင် ခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com