အခုလာမယ့် နှစ်ကတော့ Honda အတွက် တကယ် အလုပ်များမယ့် နှစ်လို့ဆိုနိုင်ပြီး သူတို့အနေနဲ့ CR-V ၊ HR-V နဲ့ Pilot Crossover ကား အမျိုးအစားတွေရဲ့ Redesigned ပုံပြောင်း Version တွေ ထုတ်ပေးလာ မှာ မို့လို့ပဲ ဖြစ်ပါတယ်။ HR-V ကားသစ်ကိုတော့ ဧပြီလတုန်းက အကြိုပြသခဲ့ပြီးဖြစ်ကာ အခုဆိုရင်တော့ CR-V အသစ်ကို စတင်မြင်တွေ့လာ ရပါပြီ။ ဒါပေမယ့် အခုမြင်ရတဲ့ ပုံတွေကတော့ တရုတ်နိုင်ငံရဲ့ စက်မှုနဲ့ နည်းပညာဝန်ကြီးဌာန ဆီက နေပေါက်ကြားလာခဲ့တဲ့ ပုံတွေပဲဖြစ်ပြီး Motor 1 က တစ်ဆင့် ဖော်ပြထားတာ ပဲ ဖြစ်ပါတယ်။ အခု မြင်ရသလောက် ကားပုံတွေကတော့ နောက်ထွက်လာမယ့် ၆ ခုမြောက် မျိုးဆက်သစ် CR-V ကားကိုပါ တစ်ပါတည်း ကြိုမြင် လိုက်ရသလို ခံစားမိစေနိုင်မှာပါ။ 2023 Model အနေနဲ့ ရောက်လာ မယ့် အဆိုပါ CR-V ကားသစ်ကတော့ ဆွဲဆောင်မှုရှိ‌တဲ့ ဒီဇိုင်းဘက်ကို ပြောင်းလဲ သွားပေမယ့် အရမ်းကြီး စိန်ခေါ်မှုတွေ အပြည့်နဲ့ဆိုတဲ့ ပုံမျိုးတော့ မဟုတ်သေးပါဘူး။ ယခင် မော်ဒယ်ထက် ပိုကြီးလာတာ ကတော့ သိသာပြီး လက်ရှိ ကားအဟောင်းက ၁၈၂.၁ လက်မပဲ ရှည်ပေမယ့် ကားသစ်က ဆိုရင် ၁၈၅.၁ လက်မအထိ ရှည်လာမှာပါ။ ဒါ‌ကလည်း တစ်ချို့သော ဈေးကွက်တွေ ထဲမှာ CR-V ကိုပဲ ထိုင်ခုံ ၃ တန်းနဲ့ ရောင်းချ ကြတာ မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကားရဲ့ Platform ကတော့ Redesigned 2022 Civic မှာ မြင်ခဲ့ရဖူးတဲ့ Platform အတိုင်း သုံးပေးလာနိုင်ပါတယ်။ အတွင်းခန်းနဲ့ ပတ်သက်လို့ကတော့ Spy ပုံရိပ်တွေမှာ မြင်ခဲ့ရတဲ့ အတိုင်း Civic အတွင်းခန်းနဲ့ပဲ ခပ်ဆင်ဆင် တူလာ နိုင်ပါတယ်။

Photo Credit: MotorAuthority

အင်ဂျင်ပိုင်း ကတော့ ဘယ်လို ပွဲထွက်လာမလဲ ဆိုတာ မသိရသေးပဲ လက်ရှိ CR-V ရဲ့ 1.5 Liter Turbocharged Inline 4 အင်ဂျင်ကိုပဲ ဆက်သုံးလာတာ မျိုးလည်း ဖြစ်နိုင် ပြန်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ကတည်းက ပါလာခဲ့ပြီ ဖြစ်တဲ့ Hybrid အမျိုးအစားကိုလည်း ထည့်ပေးလာနိုင်ပြီး Hybrid ဆိုရင်တော့ 2.0 Liter Inline-4 Engine ဖြစ်လာ နိုင်ပါတယ်။ ဒါ့အပြင် Continuously Variable Transmission ဂီယာ စနစ်ကိုလည်း သုံးဖို့ အဆင်ပြေလာ နိုင်ပြီး Front-Wheel Drive နဲ့ All-Wheel Drive တို့ အကြားလည်း စိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။ Crossover ကားဈေးကွက်ကို ကြည့်လိုက်ရင် ပြိုင်ဆိုင်မှုက တော်တော် ပြင်းထန်နေပြီ ဆိုပေမယ့် ဇိမ်ခံ အပိုင်းသွားတဲ့ နေရာမှာတော့ CR-V တို့က ထိပ်တန်း ‌ဖြစ်နေဆဲပါ။ လက်ရှိ ကားမော်ဒယ်ကတော့ အမေရိက ဈေးကွက် မှာတင် ၂၀၁၇ ခုနှစ်ကစလို့  တစ်နှစ်ကို ပျမ်းမျှ အစီးရေ ၃၅၀,၀၀၀ ကျော်အထိ ရောင်းချ ထားနိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ဆိုရင်လည်း ကိုဗစ် အပြင် အခြားသော ရိုက်ခတ်မှု ပေါင်းစုံကြောင့် ထုတ်လုပ်မှုတွေပါ နှောင့်နှေးခဲ့ရတယ် ဆိုပေမယ့်လည်း အစီးရေ ၃၆၁,၂၇၁ စီးအထိ ရောင်းချခဲ့ရသေးတဲ့ ကားဖြစ်တာကြောင့် နောက်ထွက်လာမယ့် ကားသစ်ကလည်း ရောင်းအားကြမ်းဦးမှာ ကတော့ သေချာပါတယ်။

Ref: MotorAuthority