2023 Honda Civic Type R ဆိုတဲ့ ကားလေးကို စတေကာတွေအုပ်ပြီး ပြင်ဆင်နေခဲ့တာကို တွေ့ခဲ့ရတာ တစ်နှစ် ဝန်းကျင်ရှိခဲ့ပြီဖြစ်ပြီး တရားဝင် Teaser လေးတွေ တစ်စတစ်စ မြင်ခဲ့ရတာကတော့ ၆ လ ကျော်လောက် ပဲရှိပါသေးတယ်။ ဒီကြားထဲမှာလည်း ပြေးလမ်းပေါ် စမ်းသပ်စဉ် စံချိန်တင်ခဲ့တာတွေနဲ့အတူ စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့တဲ့ Civic Type R ကိုတော့ အခုဆိုရင် မျက်ဝါးထင်ထင်ပဲ စတင် မြင်တွေ့နိုင်ပါပြီ။ သေချာတာ တစ်ခု ကတော့ အခု Type R အသစ်က ထွက်ခဲ့သမျှ Civic တွေထဲ စွမ်းဆောင်ရည် အကောင်းဆုံးအဖြစ် မှတ်ယူနိုင်သလို အမေရိက ဈေးကွက်အတွက် ထုတ်ပေးတဲ့ Civic တွေထဲမှာလည်း အမြန်ဆုံးကားတစ်စီး ဖြစ်လာတယ်လို့ သိရပါတယ်။ ကားသစ် မှာတော့ Turbocharged 2.0 Liter Four-Cylinder Engine ကို ယခင် Type R ဆီက ပြန် လည် ယူဆောင် အသုံးပြုထားပြီး Front-Wheel Drive သုံးထားကာ ပြန်လည်ဆန်းသစ်ထားတဲ့ Six-Speed Manual Transmission ကိုလည်း တွဲဖက်ပေး ထား ပါသေးတယ်။ တစ်ခြား ရွေးချယ်စရာ ဂီယာ အမျိုးအစား ၊ All-Wheel Drive တို့အပြင် Hybrid စနစ်တွေ မပါဝင်လာတဲ့ အဆိုပါ ကားကတော့ တကယ့် ခေတ်ဟောင်း ကားကောင်းတစ်စီး ကိုမှ Hot Hatch ပုံစံ ပြောင်းပေးထားသလို ပိုဆင်တူနေပါတယ်။

Photo Credit: motor 1.com

ကားက ယခင် အမျိုးအစားထက် ပိုကျယ် ၊ ပိုရှည်ကာ ပိုလည်း နိမ့်လာတာတော့ သေချာနေပေမယ့် Honda အနေနဲ့ ကားရဲ့ အင်ဂျင်တွေက ဘယ်လိုပိုပြီး တိုး တက်ကောင်းမွန်သွားတာလဲ ဆိုတာကိုတော့ အသေးစိတ် မရှင်းပြထား သေးပါဘူး။ ဒါ့အပြင် Michelin Pilot Sport 4S တာယာတွေကို အသုံးပြုထားပြီး ဒီ တာယာတွေကပဲ ကားကို Front- Wheel Drive ကားတွေအကြား အတော်လေး ကောင်းတဲ့ စံချိန်အဆန်းတွေ ရရှိသွားစေရာမှာ ကူညီပေးနိုင် ခဲ့တာပါ။ အမြင် ပိုင်းကို ပြောရမယ်ဆိုရင်တော့ ကားရဲ့ အနောက်ဘက်မှာ တောင်ပံခပ်ကြီးကြီးကို မြင်လိုက်ရတာပါပဲ။ ဒါပေမယ့် ဒီတစ်ခုတည်းတင် အဆင့်မြှင့်တင် လိုက်တာ တော့ မဟုတ်ပဲ ကားရဲ့ခေါင်းပိုင်း မျက်နှာစာကတော့ ခပ်ကြီးကြီး Grille၊ ပြောင်းလဲပေးထားတဲ့ Corner Intakes တွေနဲ့အတူ ပိုပြီး Aggressive ဖြစ်လာစေခဲ့ ပါသေးတယ်။ ဒါ့အပြင် ကားကို ဖြတ်သန်း စီးဆင်းမယ့် လေကြောင်း Airflow ပိုကောင်းစေဖို့ အတွက်လည်း Side Sills တွေကို အရှေ့ဘီး တွေနဲ့ လေဝင်ပေါက် တွေအကြား ခပ်ပြေပြေလေးပဲ ထည့်ပေးထားပါတယ်။ ဘီးနဲ့ တာယာတွေမှာ Fender Flares လေးတွေ ကိုအလိုက်သင့်လေး ထည့်ပေးထားပြီး Sport ဆန်တဲ့ အရသာကို ပိုပေးထားနေဆဲ ဖြစ်ကာ Hot Hatch တစ်စီး အနေနဲ့တော့ သာမန် Civic ထက်စာရင် ပိုကျယ်တဲ့ အနောက်ဘက် တံခါးတွေ ပါဝင်လာပါတယ်။ ဒါ့အပြင် အနောက်ဘက် Fascia ကလည်း ခပ်ဝိုင်းဝိုင်းလေးဖြစ်လာပြီး Diffuser နဲ့ အိတ်ဇော ၃ ခု တွဲတို့ကလည်း အတော် လေး ကြည့်ကောင်း နေစေပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အတွင်းခန်းမှာတော့ အနီနဲ့ အနက်တို့ကို အချိုးကျကျ ပေါင်းစပ်ထားပြီး အနီရောင်တွေကိုတော့ ပိုပြီး Aggressive ဖြစ်တဲ့ ထိုင်ခုံတွေ ၊ ကြမ်းခင်းတွေ ၊ တံဆိပ်တွေနဲ့ အရောင်ကွဲ လိုင်းလေး တွေနေရာမှာ ပိုမြင်ရမှာပါ။ အနက်ရောင် ကိုကတော့ ကားရဲ့ ထိုင်ခုံ နောက်မှီတွေ‌မှာ ပိုမြင်ရပြီး အတွင်းခန်း Dashboard တစ်ခုလုံးမှာလည်း သုံးပေးထား ပါတယ်။ ဒီကားမှာပဲ ပါဝင်တဲ့ +R Mode ကလည်း ကားရဲ့ Driver Display ကို အမြင်ပိုင်း ပိုလန်းအောင် ပြုပြင်ပေးလိုက်ပြီး အဆိုပါ Screen မှာ ပြပေးနေတဲ့ အချက်အလက်တွေကလည်း တကယ့်ကို အချိန်နဲ့ တစ်ပြေးညီ ဖြစ်နေတဲ့ ကားရဲ့ အချက်အလက်တွေကိုပြပေး နေမှာပဲ ဖြစ်ပါ တယ်။ Honda အနေနဲ့ကတော့ Type R အသစ်ကို သာမန်ထက် ပိုအမွှမ်းတင်ကာ ပိုကောင်းအောင်ချပြထားလိုတာ သေချာနေပါတယ်။ ဒါကြောင့် အမြင်ပိုင်း ဆိုင်ရာ တွေလည်း သိသိသာသာ ကွဲပြားအောင် ဖန်တီးပေးထားကာ Type R တွေထဲမှာမှ လျှပ်စစ်စွမ်းအင် လုံးဝမပေါင်းထား သေးတဲ့နောက်ဆုံးသော ကားဆို တာကို ပြပေးနေသလိုပါပဲ။

Ref: motor 1.com