တစ်ကမ္ဘာလုံးရဲ့ ကားဈေးကွက် အသီးသီးမှာတော့ Sedan ကားတွေ လူကြိုက် နည်းလာတာ သေချာပေမယ့် အမေရိက ဈေးကွက်ထဲမှာတော့ ရောင်းအား မကျသေးဘူးလို့ ဆိုလို့ရပါတယ်။ အဆိုပါ ကားတွေထဲကမှ နာမည် အကြီးဆုံးကတော့ ၂၀၂၁ တုန်းက အစီးရေ ၂၀၆,၆၇၆ စီး အထိကို ရောင်းချခဲ့ရသေးတဲ့ Honda Accord ကားတွေပါပဲ။ အခုဆိုရင်တော့ လာမယ့် ၂၀၂၄ ဇန်နဝါရီ အရောက်မှာ ဈေးကွက်ထဲ ရောက်လာမယ့် Honda Accord ကားသစ်တွေကို ကုမ္ပဏီဘက်က တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး Hybrid အမျိုးအစားတစ်မျိုးနဲ့ အခြားအင်ဂျင်တစ်မျိုးဆိုပြီး ၂ မျိုး ပါဝင်လာပါတယ်။ အဆိုပါ ၁၁ ခုမြောက် မျိုးဆက်ကားသစ် ကိုတော့ Honda Architecture Platform အသစ်ပေါ်မှာ ဖန်တီးထားပြီး ယခင် Accord ကားတုန်းကထက် ပိုကျစ်ကျစ်လစ်လစ် ရှိတာတွေ့ရမှာပါ။ အဆိုပါ Platform ကတော့ Hybrid အနေနဲ့လည်း သုံးလို့ရတာ ကြောင့် Accord ကားကိုမှ လျှပ်စစ်စွမ်းအင်နဲ့ ပေါင်းစပ် သုံးချင်သူတွေအဖို့ အလုပ်ဖြစ်စေပါလိမ့်မယ်။

                                                                                                                                                             Photo Credit: MotorAuthority

ကားရဲ့ Standard အင်ဂျင်အနေနဲ့တော့ 1.5 Liter Turbo-4 အင်ဂျင် ပါဝင်လာပြီး 192 hp နဲ့ 192 lb-ft Torque အထိ စွမ်းဆောင် နိုင်မှာပါ။ အင်ဂျင်နဲ့အတူ CVT Gear စနစ်ကိုလည်း တွဲဖက်ထည့်ပေးထားပြီး Hybrid Engine ပိုင်းမှာ ဆိုရင်တော့ 2.0 Liter Turbo-4 Engine ကိုမှ လျှပ်စစ်မော်တာ ၂ လုံးနဲ့ ပေါင်းစပ်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆိုပါ Hybrid ကားမှာ Front-Wheel Drive နဲ့အတူ 204 hp နဲ့ 247 lb-ft Torque ဆိုတဲ့ စွမ်းဆောင်ရည်တွေ ရှိနေမှာပါ။ ကားသစ်ကတော့ ၁၉၅.၇ လက်မရှည်ပြီး ယခင် မော်ဒယ်ထက် ၃ လက်မလောက် ပိုရှည်လာခဲ့ကာ ဘီးနှစ်ဘီးအကြား အကွာအဝေးကတော့ ယခင် အတိုင်း ၁၁၁.၄ လက်မအထိ ရှိပါတယ်။ ကားရဲ့ အတွင်းခန်း ဒီဇိုင်းကတော့ နောက်ဆုံးပေါ် Civic နဲ့ CR-V ကားတွေနဲ့ အတော်လေးဆင်တူပြီး Trim လှလှလေးတွေနဲ့ ပြည့်နေတဲ့ Dashboard မှာပဲ ၇ လက်မအရွယ် ဒါမှမဟုတ် ၁၂.၃ လက်မအရွယ် Infotainment Display တွေကို ရရှိ နိုင်မှာဖြစ်ပါတယ်။ ပိုကြီးတဲ့ Screen ကို ရွေးဝယ်မယ် ဆိုရင်တော့ Android Auto နဲ့ Apple CarPlay တို့ကို ကြိုးမဲ့ စနစ်နဲ့ ရနိုင်မှာဖြစ်ပြီး Screen အသေးကိုပဲ ယူမယ်ဆိုရင်တော့ အဆိုပါစနစ်တွေကို ကြိုးနဲ့ချိတ်သုံးဖို့ လိုဦးမှာ ဖြစ်ပါတယ်။ ကားရဲ့ Digital Gauges Screen ကတော့ ၁၀.၂ လက်မအထိ ရှိတာတွေ့ရမှာပါ။

                                                                                                                                                      Photo Credit: MotorAuthority

အခြားသော နည်းပညာပိုင်း ဆိုင်ရာတွေမှာဆိုရင် Google Apps တွေကို တစ်ပါတည်းထည့်သွင်းပေးထားလို့ Google Assistant ၊ Google Maps နဲ့ Google Play စတာတွေ အကုန်သုံးလို့ ရမှာပါ။ ဒါ့အပြင် မိုဘိုင်း ဖုန်းတွေကို ကားထဲမှာ တင် ကြိုးမဲ့အားသွင်းပေးလို့ရပြီး OTA Update တွေ ၊ အလိုအလျောက် ဘရိတ်ဖမ်းပေးတာလိုမျိုးနဲ့ လမ်းညွှန် အမှတ်အသားတွေကို သိရှိနိုင်တာမျိုးစတဲ့ စနစ်အစုံအလင်ကို ပါဝင်နေမှာပါ။ ဈေးနှုန်းတွေကတော့ ဈေးကွက်ထဲ ဝင်ခါနီးမှ တရားဝင် ကြေညာပေးမှာဖြစ်ပြီး ယခင် 2022 Model တုန်းကတော့ $ 26,485 အထိ ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority