Van ကားလေး တစ်စီးနဲ့ တောတောင်တွေထဲမှာ စခန်းချ အနားယူ အပန်းဖြေလိုသူတွေအတွက် ပိုသင့်လျော်မယ့် Transit Trail အမည်ရှိ 2023 Model ကားသစ်တစ်မျိုးကို Ford တို့ မိတ်ဆက်ပေးလိုက်ပါပြီ။ စွန့်စွန့်စားစား ခရီးစဉ် တွေအတွက် အဓိက ရည်ရွယ်ဖန်တီးပေးထားတဲ့ အခုကားလေးကိုတော့ $ 65,975 ဈေးသတ်မှတ်ထားပြီး မြေပြင် ကနေ ၃.၅ လက်မအထိ အမြင့်ရှိတဲ့ ကားကိုယ်ထည်ကြောင့် လမ်းကြမ်းတွေ အတွက် ခရီးတစ်ထောက်နား စခန်းချဖို့ အတွက်လည်း အဆင်ပြေစေမှာ သေချာပါတယ်။ ဒါ့အပြင် ၁၆ လက်မအရွယ် ဘီးတွေနဲ့ ၃၀.၅ လက်မ အရွယ်ရှိ Goodyear Wrangler Workhorse All-Terrain တာယာ အမျိုးအစားတို့ကို တွဲဖက်သုံးပေးထားပါသေးတယ်။ ထိုးတံခါးပုံစံ ခရီးသည်တင်နဲ့ ယာဉ်မောင်းဘေး Side Steps တွေလည်း ပါဝင်သေးတာမို့ အတော်လေး ပြီးပြည့်စုံ စေပါတယ်။

Photo Credit: MotorAuthority

ဝယ်ယူချင်သူတွေ အဖို့ကတော့ ကိုယ်ထည်ကို အမိုးမြင့်နဲ့ အနေတော် အမိုးတွေဆိုပြီး ရွေးချယ်နိုင်ဦးမှာ ဖြစ်ကာ အမိုးမြင့်ကိုမှ သာမန်ထက် ပိုရှည်တဲ့ ကားအမျိုးအစား အဖြစ်ကိုလည်း ရွေးနိုင်ပါသေးတယ်။ အဆိုပါ ကားအရှည် မှာ ဆိုရင်တော့ ပစ္စည်းတင်ဖို့အတွက် ၁၄ ပေ လောက်နဲ့ ၄၈၇ ကုဗ ပေ ပမာဏလောက် အထိပိုရဖို့ ရှိပါတယ်။ Ford ကတော့ ကားအတွင်းမှာ စင်တွေ၊ အိပ်ယာတွေအတွက် နေရာစား သက်သာအောင် လိုအပ်မှ ဆွဲထုတ်လို့ရတဲ့ ခေါက် ဒီဇိုင်းတွေ အတော်များများ အသုံးပြုပေးထားပြီး ဝယ်ယူသူတွေ အဖို့လည်း အတော်လေး အသုံးတည့်မှာ သေချာ ပါတယ်။ အင်ဂျင်ပိုင်းမှာတော့ Twin-Turbo 3.5 Liter V6 Engine ကို သုံးထားတာကြောင့် 310 hp နဲ့ 400 lb-ft Torque အထိစွမ်းဆောင် နိုင်မှာဖြစ်ပြီး 10-Speed Automatic ဂီယာနဲ့ All-Wheel Drive စနစ်တို့ကိုလည်း တွဲဖက် ပေးထားပါတယ်။ ကားမှာ အပိုရွေးလို့ ရနိုင်မယ့် Heavy-Duty Trailer Package အနေနဲ့ ဆိုရင်တော့ ပေါင် ၆,၅၀၀ လောက် အထိကို ကားကနေ ဆွဲနိုင်တဲ့အထိ ခပ်ကြမ်းကြမ်း စွမ်းဆောင်နိုင်ဦးမှာပါ။

Photo Credit: MotorAuthority

အခုလိုမျိုး Camper-Van အမျိုးအစား ကားဈေးကွက်ဆိုတာ ပုံစံတစ်မျိုးနဲ့ တိုးတက်နေတာဖြစ်ပြီး ဈေးကွက်ထဲ ရောက်မှ အသုံးတည့်တဲ့ပုံစံ ပိုဖြစ်အောင် စိတ်ကြိုက်ပြင်ဆင်တတ်ကြတာဖြစ်လို့ စက်ရုံထုတ်က တည်းက အတော်လေး အဆင်သင့်စုံလင်လာတယ် ဆိုတာလည်းရှားပါတယ်။ တစ်ချို့သော Third-Party ကားဖန်တီးတဲ့ ကုမ္ပဏီတွေဆိုရင် ရှိပြီးသား သာမန် Van ကားတစ်စီးရဲ့ Chassis ကိုပဲ အခြေပြုပြီး ကျန်တာ အကုန် ကိုယ်တိုင် ပြင်ဆင် တည်ဆောက်ကြတာ မျိုးတွေတောင် ရှိလာတာပါ။ Ford ကလည်း သူတို့ရဲ့ Ford Upfits လို့ အမည်ရတဲ့ Program ကနေ Motorhome တွေ ၊ RV ကား‌တွေနဲ့ Adventure Prep Package တွေကို ပြင်ဆင်ရောင်းချ ပေးနေခဲ့ ပေမယ့် အခု မိတ်ဆက်လာတဲ့ ကားကိုတော့ခရီးဝေး သွားချင်သူတွေအဖို့ ပိုပြီးအဆင်သင့်ဖြစ်အောင် တတ်နိုင်သမျှ ပြင်ဆင်ပေးထားပါတယ်။ ဒါ့အပြင် ကားသစ်က  Ford ရဲ့ နာမည်ကျော် Transit Lineup ထဲက ထွက်လာတာ ဖြစ်လို့ အပြင်ပိုင်း အပြင်အဆင်တွေအပြင် အတွင်းခန်း Installers တွေကိုလည်း သိသိသာသာ အဆင့်မြှင့်တင်ပေးလာတာ ဖြစ်ပါတယ်။ အဆိုပါ ကား သစ်တွေကိုတော့ အမေရိကန် နိုင်ငံ ၊ Missouri ပြည်နယ် ၊ Kansas မြို့ထဲက Ford ရဲ့ Transit ကား စက်ရုံမှာပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Ref: MotorAuthority