ဘရာဇီး ကားဈေးကွက်ထဲမှာ Volkswagen Nivus ကို အဓိက ယှဉ်ပြိုင်လာနိုင်မယ့် Fiat ကားသစ် တစ်စီးကိုတော့ ကုမ္ပဏီ ဘက်က ချပြလိုက်ပြီဖြစ်ပြီး ထူးခြားတာကတော့ Fastback ကားသစ်ပုံစံ ဖြစ်လာနေတာပါ။ တကယ်တော့ အဆိုပါ ကားအမျိုးအစားက Coupe အရသာပါတဲ့ SUV အသေးစားတစ်စီး ဖြစ်ပြီး စက်ပိုင်းဆိုင်ရာတွေ အရတော့ MLA Platform ပေါ်မှာ အတူတူ တပ်ဆင်ထားတဲ့ Pulse ကားနဲ့လည်း တူညီနေပါတယ်။ အဆိုပါ Platform ကတော့ ယခင် Argo နဲ့ Cronos ကားတွေမှာ သုံးခဲ့ဖူးတဲ့ MP1 Architecture ကို အဆင့်မြှင့်ထားတာပါပဲ။ ကားသစ်ရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကိုတော့ မဖော်ပြထားသေးပေမယ့်လည်း Pulse ကားနဲ့တော့ အနီးစပ်ဆုံး တူညီလာ လောက်ပါတယ်။ Pulse ကားမှာတော့ အရွယ်အစားအရ ၁၆၁.၄ လက်မ အရှည် ၊ ၆၉.၈ လက်မ အကျယ်နဲ့ ၆၂.၂ လက်မ မြင့်တာလည်း ဖြစ်ကာ Wheelbase ပိုင်းကတော့ ၉၉.၇ လက်မ ရှိပါတယ်။ ဒါပေမယ့် အခု ကားသစ်က အနောက်ဘက် Overhang တွေ ပိုရှည်နိုင်ပြီး ပိုကြီးတဲ့ ဘီးတွေလည်း ပါလာနိုင် ပါသေးတယ်။ ကားရဲ့ အမိုးကလည်း အနောက်ဘက်ကို လျှောစောက်ပုံလေး ဖြစ်နေတာ ကြောင့် Coupe-SUV ပုံစံနဲ့ Pulse ရဲ့ ၃၇၀ လီတာဆံ့ပစ္စည်း ထည့်စရာနေရာ လောက်တော့ မရှိလာနိုင်ပါဘူး။
Motor1.Com Brazil ရဲ့ ဖော်ပြချက်တွေ အရတော့ အခု ကားသစ်ကို လာမယ့်အောက်တိုဘာလ မှာတင် တရားဝင်မိတ်ဆက် ပေးလာဖို့ ရှိနေပြီး Fiat Brazil အဖို့ ဈေးကွက်အတွင်း 500e ကားပြီးရင် ဈေးအကြီးဆုံးလည်း ဖြစ်လာဖို့ ရှိပါတယ်။ အခုကားကိုတော့ Turbocharged Engine တွေအနေနဲ့ ရွေးချယ်စရာ ရလာအောင် ရောင်းပေးလာနိုင်ပြီး 130 hp လောက် ရှိနိုင်မယ့် Three-Cylider 1.0 Liter Engine ၊ 185 hp အထိ ရှိမယ့် ပိုကြီးတဲ့ 1.3 Liter Engine စသဖြင့် ပါဝင်လာ နိုင်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ရွေးချယ်လို့ရမယ့် အင်ဂျင် အမျိုးအစားတွေ အပေါ် မူတည်ပြီး ကားမှာတော့ Six-Speed Automatic Gear ဒါမှမဟုတ် CVT Gear တွေ ဆိုပြီး ကွဲပြားလာဖို့ ရှိပါတယ်။ အတွင်းခန်း ပုံရိပ်တွေ မမြင်ရသေးပေမယ့်လည်း Cabin ပိုင်းကတော့ Pulse ကားရဲ့ ပုံစံနဲ့ ဆင်တူလာဖို့ များနေပါတယ်။ ဒါကြောင့် တကယ်သာ ဆင်တူဖြစ်လာမယ်ဆိုရင် ၇ လက်မအရွယ် Digital Instrument Cluster ကို ၁၀.၁ လက် မအရွယ် Touchscreen နဲ့ တွဲဖက်ပေးလာနိုင်ပြီး Climate Settings တွေအတွက် ခလုတ် တွေကိုတော့ သီးသန့် ထည့်ပေးထား လာနိုင်ပါတယ်။ ဒါပေမယ့် ကားရဲ့လျှောစောက် ဖြစ်နေမယ့် အမိုးခုံး ပုံစံလေး ကြောင့် အနောက်ဘက် ခရီးသည်တွေအတွက် ခေါင်းလွတ်မလွတ် စဉ်းစားစရာ ရှိလာနိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အခုကားနဲ့ ဆက်စပ်ပြီး ဥရောပ ဈေးကွက်ထဲမှာလည်း VW Taigo ကားကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ့် Fastback ကားမျိုးရအောင် ဖန်တီးလာနိုင်ဖို့ အတွက် Stellantis ကုမ္ပဏီဘက်ကို မျှော်ကြည့်ရမှာပါ။ ဒါပေမယ့် ဥရောပ ဈေးကွက်အတွက် တစ်ခု ဘဝင်မကျစရာ ကောင်းတာကတော့ အခုလိုကားမျိုးတွေနဲ့ ပတ်သက်လာ ရင် Fiat တို့က ဥရောပ ဈေးကွက်ထက် တောင်အမေရိက ဈေးကွက်မှာသာ ပိုအားသန် တက်ကြွနေလေ့ ရှိတာပါပဲ။ အနာဂါတ် မှာလည်း ဒီ အတိုင်းပဲ ဆက်ဖြစ်လာနိုင် သေးတာကြောင့် တောင်အမေရိက ဈေးကွက်ထဲက ကားတွေကို အရင်ဆုံး ကြိုမြင်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။
Ref: motor 1.com

