BMW ကတော့ သူတို့ရဲ့မျိုးဆက်သစ် 7 Series ကားတွေကို ဗုဒ္ဓဟူးနေ့ကပဲ ကြေညာလိုက်ပြီဖြစ်ပြီးလျှပ်စစ် စွမ်းအင် သီးသန့် သုံးထားတဲ့ i7 xDrive 60 လည်း ပါဝင်လာပါပြီ။ Redesigned 7 Series တွေရဲ့ ထိပ်မှာ ရပ်တည်လာနိုင်မယ့် အဆိုပါ လျှပ်စစ် ကားသစ်ကိုတော့ ၂၀၂၃ မော်ဒယ် အဖြစ်နဲ့ အခုနှစ် နှောင်းပိုင်း လောက်မှာ စတင် ရောင်းချမှာဖြစ်ပြီး ဈေးကတော့ $ 120,295 ကနေ စတင်မှာပါ။ တကယ်တော့ အခုကား က လျှပ်စစ် Platform အသစ်စက်စက်နဲ့ ပွဲထွက်လာတာ မျိုးမဟုတ်ပဲ BMW Group ရဲ့ CLAR Platform ကိုပဲ ပြုပြင်ပြီး ပွဲထွက်လာတာဖြစ်ပါတယ်။ လျှပ်စစ် မော်တာ ၂ လုံး All-Wheel Drive စနစ်တို့နဲ့ ပွဲထွက် လာပြီး ဂီယာတွေ ၊ မော်တာတွေနဲ့ အင်ဗာတာတွေကို Unit တစ်ခု ထဲမှာ ထည့်ထားတဲ့ နည်းပညာ ကိုသုံး ထားပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ကတော့ 536 hp နဲ့ 549 lb-ft Torque အထိ ရှိနေပြီး တစ်နာရီ မိုင် ၆၀ နှုန်း အထိ ရဖို့ဆိုရင် ၄.၅ စက္ကန့် အထိပဲ အချိန်ယူရမှာ ဖြစ်ကာ အမြင့်ဆုံး မြန်နှုန်းက ၁၄၉ မိုင်နှုန်း အထိ ရှိမှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဘက်ထရီပိုင်း ကတော့ 101.7 kWh ရှိတဲ့ Lithium-Ion ကို သုံးထားပြီး တစ်ကြိမ်အားသွင်းထားရုံနဲ့ မိုင် ၃၀၀ အထိ မောင်းနှင်နိုင်မှာပါ။ အခု ကားရဲ့ Range ကို ပိုချဲ့ထွင်နိုင်ဖို့ Adaptive Energy Regeneration နည်းပညာကို သုံး ထားပြီး ကား မောင်းနှင်ရတဲ့ လမ်းကြော အခြေအနေတွေ ၊ ကုန်းဆင်းတွေ စတာတွေကို ကြိုပြီး ထောက်လှမ်း သိရှိ နိုင်တာ မျိုးတွေနဲ့ စွမ်းအင်ချွေတာ ပေးနိုင်ပါတယ်။ အဆိုပါ စနစ်မှာတော့ လမ်း ညွှန်စနစ်က အလုပ်မလုပ်ရင်တောင် လမ်းဆုံ နေရာတွေ ရောက်တဲ့အခါမှာ Regeneration စနစ်ကို အလုပ် လုပ် ပေးနေမှာပါ။ ဒါပေမယ့် အဆိုပါ စနစ်ကိုပဲ ယာဉ်မောင်းက High ၊ Medium နဲ့ Low Settings ‌တွေ ဆိုပြီး ချိန်ညှိ ‌ရွေးချယ်နိုင်ပါ သေးတယ်။ ကားရဲ့မောင်းနှင်နေတဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အချက်အလက် တွေ ကိုတော့ ၁၄.၉ လက်မ အရွယ် Infotainment Touchscreen ပေါ်မှာ ပြသပေးမှာဖြစ်ပြီး Digital Instrument Cluster ကလည်း ၁၂.၃ လက်မ အရွယ်ရှိပါတယ်။ ကားရဲ့ အပူချိန် ထိန်းညှိထားဖို့နဲ့ Cabin အတွင်းခန်းပိုင်းမှာ အေးမြနေစေဖို့ Heat Pump ကို အသုံးပြုထားပြီး 5.5 kW Electric Flow Heater ကိုလည်း ထည့်သွင်း ပေးထားပါတယ်။

Photo Credit: MotorAuthority

ဘက်ထရီ အားသွင်းတဲ့ အပိုင်းမှာတော့ 195 kW နှုန်းနဲ့ အလုပ်လုပ် နိုင်မှာ ဖြစ်ပြီး ၁၀ မိနစ် လောက် အား သွင်း ရုံနဲ့ မိုင် ၈၀ လောက် အထိ မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် အားသွင်းတဲ့ အပိုင်းအတွက်လည်း Software ကို ကောင်းကောင်း ပြင်ဆင် ပေးထားပြီး အားသွင်း တဲ့ Level အမြင့် ရောက်လာ လေလေ အားသွင်းနှုန်း ကို အနေအထား အလိုက် အဆင်ပြေအောင် လိုက်ပြီး ချိန်ညှိ ပေးနိုင်ပါတယ်။ အားသွင်းချိန်တွေ ပိုပြီး မြန်ဆန် အောင်လည်း ချိန်ညှိပေးနိုင်ကာ Software အသစ်ကြောင့် အားစသွင်းတဲ့ Level အရ အပူချိန် နဲ့ အားသွင်း တဲ့ အနေအထားတွေကိုပါ ပြပေးထားနိုင် မှာ ဖြစ်ပါတယ်။ ကားရဲ့ Range ပိုကောင်း နိုင်မယ့် နောက်ထပ် အထောက်အကူ ပြုနိုင်မယ့် စနစ်ကတော့ လမ်းညွှန်စနစ် ရဲ့ အကူအညီပါပဲ။ လမ်းညွှန်စနစ်မှာတော့ ပိုပြီး စွမ်းအင် ချွေတာနိုင်တဲ့ လမ်းကြောင်းကို ပိုရွေးချယ် နိုင်ပါတယ်။ လတ်တလော လမ်းကြော အခြေအနေတွေ ကို ကြည့်ပြီး လမ်းကြောင်းတို လေးတွေက နေ စွမ်းအင် ချွေတာနိုင်ဖို့ စီစဉ် ထားတာပါ။ ဒါ့အပြင် အားသွင်းဖို့ လိုအပ်နေပြီ ဆိုရင်လည်း လက်ကျန် ဘက်ထရီ အားနဲ့ လိုက်ဖက်မယ့် လမ်းကြောင်း အနေအထားတွေကို ချပြနိုင်ပြီး အားသွင်းဖို့ ကြာချိန်တွေနဲ့ အခြား လိုအပ်တဲ့ အချက်အလက်တွေကိုလည်း မှတ်သား ထားနိုင်ပြီး ပြသနိုင်မှာ ဖြစ်ပါတယ်။ အမေရိက ဈေးကွက်ထဲက ဝယ်ယူမယ့်သူတွေ အဖို့ကတော့ ထုံးစံ အတိုင်းပဲ Electrify America နဲ့ပူးပေါင်းပြီး ၃ နှစ် အခမဲ့အားသွင်းနိုင်ဦးမှာပါ။ အဆိုပါ Electrify America အားသွင်း ကွန်ရက်မှာ ဆိုရင်တော့ လက်ရှိမှာ အမေရိက နဲ့ ကနေဒါ တစ်ဝန်း အားသွင်း ရုံ ပေါင်း ၈၀၀ ကျော် အထိ ရှိထား ပြီး အားသွင်းနိုင်တဲ့ Charger ပေါင်းလည်း ၃,၅၀၀ အထိ ရှိလို့နေပါပြီ။ လာမယ့် ၂၀၂၆ အရောက် မှာတော့ အဆိုပါကွန်ရက်ထဲမှာ ပဲ  အားသွင်းရုံ ၁,၈၀၀ လောက် နဲ့ အားသွင်း Charger ပေါင်း  ၁၀,၀၀၀ လောက် အထိ ရှိလာမယ်လို့ ခန့်မှန်းထားတာ ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ BMW i7 လျှပ်စစ် ကားသစ်ကို ကြိုတင်မှာယူနိုင်နေပြီ ဖြစ်ပြီး ဈေးကွက် ထဲကိုတော့ အခုနှစ် နှောင်းပိုင်း လောက်မှသာ ရောက် ရှိလာမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority