ကားတွေ ထုတ်လုပ်ပြီးရင် ပြဿနာတစ်စုံတစ်ရာကြောင့် ပြန်လည်သိမ်းဆည်းရတယ် ဆိုတာ စူပါကားတွေမှာပါ ကြုံရတတ်တယ် ဆိုတာကို Lamborghini က သက်သေပြလိုက်ပါတယ်။ အခုဆိုရင်တော့ Lamborghini Countach 2022 LPI-800-4 အမျိုးအစား ကား ၉ စီးကို အမေရိက ဈေးကွက်ထဲကနေ ပြန်လည် သိမ်းဆည်းရတော့မှာပါ။ အဓိက ကတော့ ကားရဲ့ အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ မှန်တွေ ပြုတ်ထွက်နိုင်ခြေ ရှိနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စမှာတော့ Lamborghini အနေနဲ့ ကားရဲ့ အင်ဂျင်အဖုံးနဲ့ အဆိုပါ မှန်ဘောင်တွေကို သေချာ မတပ်ဆင်ပေးလိုက်တဲ့ Supplier ဘက်မှာပဲ တာဝန် ရှိတယ်လို့ ဆိုထားပါတယ်။

Photo Credit: MotorAuthority

အဆိုပါ နေရာမမှန်ပဲ တပ်ဆင်ထားသလိုဖြစ်နေတဲ့ မှန်ချပ်တွေ ပြုတ်ထွက်နိုင်တာကြောင့် လမ်းပေါ်မှာ ကားမောင်းနေရင်း အန္တရာယ်ဖြစ်နိုင်တာ ‌သေချာပါတယ်။ အခုပြဿနာကို Lamborghini အနေနဲ့ ပြီးခဲ့တဲ့ လပိုင်းကတည်းက သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စမှာတော့ ကာတာ က ကားအမျိုးအစား တစ်မျိုးမှာ အနောက်ဘက် အင်ဂျင်အဖုံးနဲ့ ဆက်စပ်နေတဲ့ မှန်ချပ် ၄ ချပ်ထဲက တစ်ချပ်က ပြုတ်ထွက်လုနီး ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အခြားသော ဈေးကွက် ထဲမှာတော့ အလားတူဖြစ်ရပ်မျိုးတွေ ကြုံတွေ့တာကို မကြားသိရသေးပါဘူး။ လိုအပ်မယ်ဆိုရင်တော့ အရောင်း ကိုယ်စားလှယ်တွေ ဘက်ကလည်း အဆိုပါ ကား တွေကို သေချာစုံစမ်းစစ်ဆေးပြီး အခမဲ့ ပြန်လည် လဲလှယ်ပြင်ဆင်ပေးသွားမှာပါ။ ပြန်လည် သိမ်းဆည်းခံရမယ့် ကားပိုင်ရှင်တွေထံကိုတော့ လာမယ့် ၂၀၂၃ ၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး Lamborghini ဘက်က အကြောင်းကြားလာ ပါလိမ့်မယ်။

Photo Credit: MotorAuthority

အဆိုပါ ကား အမျိုးအစားတွေကိုတော့ Lamborghini Countach ရဲ့ နှစ် ၅၀ ပြည့် အမှတ်တရ ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ 2021 Monterey Car Week ပွဲကြီးမှာတင် စတင်ပြသ မိတ်ဆက်ခဲ့တာပါ။ မူလ Countach ကားတွေ ကိုမှ ခေတ်ပေါ် အသွင်အပြင်တစ်မျိုးနဲ့ ဆန်းသစ်ပေးထားတဲ့ ကားတွေဖြစ်ပြီး ယခင် Lamborghini Aventador ပေါ်မှာလည်း အခြေခံ ဖန်တီးပေးထားတာဖြစ်လို့ Hybrid Powertrain နဲ့အတူ 803 hp အထိ စွမ်းဆောင်နိုင်ပါတယ်။ လက်ရှိ အနေအထားအရတော့ အဆိုပါ ကားတွေက ယခင် Hybrid မဟုတ်တဲ့ သာမန် Aventador Ultimae Coupe ကားတွေထက်တော့ ၀-၆၂ မိုင် ပမာဏ မြန်နှုန်း မှာ ပိုမမြန် သေးတာကို တွေ့ရမှာပါ။ လက်ရှိမှာ ကားအစီးရေ အနည်းငယ်ကိုပဲ ပိုင်ရှင်တွေ လက်ဝယ်ရောက်သေးတယ် ဆိုပေမယ့်လည်း ထုတ်လုပ်ပေးမယ့် အစီးရေ ၁၁၂ စီး လုံးကတော့ စတင်မိတ်ဆက်ခဲ့စဉ် ကတည်းကကိုပဲ ရောင်းကုန်သွားခဲ့တယ်လို့ သိရပါတယ်။

Ref: MotorAuthority