Kia ကတော့ ယခင် နိုဝင်ဘာ ၂၀၂၁ လောက်ကတည်းက ဒုတိယမြောက် မျိုးဆက် Niro ကို ချပြခဲ့ပါတယ်။ ဒါပေမယ့် Niro Hybrid ကားရဲ့အသေးစိတ် အချက်အလက်တွေကိုသာ ပြီးခဲ့တဲ့ ဇန်နဝါရီ လ လယ်ပိုင်း လောက်မှာ ချပြခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ နောက်ထပ်ကား အမျိုးအစား စုံတွေဖြစ်တဲ့ Plug-In Hybrid ကားနဲ့ လျှပ်စစ် ကားသီးသန့် ရဲ့ အချက်အလက်တွေပါ စတင်ထွက်ပေါ်လာပါပြီ။ လက်ရှိ မှာတော့ 2022 Kia Niro PHEV မှာတော့ 1.6 Liter Gasoline Engine ကို HEV Model က အတိုင်းပါဝင်လာ ခဲ့ပြီး Dual-Clutch၊ Six-Speed Automatic Transmission ဂီယာ တို့ကိုလည်း ထည့်ပေးထားခဲ့တာတွေ့ ရပါတယ်။ တကယ်တော့ အခု ဂီယာစနစ် မှာဘက်ဂီယာ ကို ဖြုတ်ထားလိုက်တော့ ကားအတွက် ၅ ပေါင် လောက် အလေးချိန်သက်သာ သွားပါတော့တယ်။ ဘက်ဂီယာ မပါဘူး ဆိုလို့ မလန့်သွားပါနဲ့ဦး ၊ ကားနောက် ဆုတ်တာကို Electric Propulsion နည်းပညာနဲ့ လုပ်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။
လျှပ်စစ်မော်တာ အပိုင်းမှာတော့ 62 kW မော်တာကို သုံးထားပြီး စွမ်းဆောင်ရည် စုစုပေါင်းကတော့ 139 hp နဲ့ 180 hp အထိကို မြင့်တက်လာခဲ့တာဖြစ်ကာ 5.5 kWh High-Volt အားသွင်းစနစ်နဲ့လည်း ပံ့ပို့ပေး ထားမှာ ဖြစ်ပါတယ်။ အဆိုပါ အားသွင်းစနစ်မှာပဲ Positive Temperature PTC ဆိုတဲ့ စနစ်ကိုပါ ထည့်ပေး ထားတာဖြစ်ပြီး အဆိုပါ နည်းပညာကိုတော့ Hyundai ၊ Kia နဲ့ Genesis တို့မှာ စတင်ပွဲထုတ်ခဲ့တာ ဖြစ်ကာ ကားကို ခပ်အေးအေး ရာသီဥတုမှာ မောင်းနေတဲ့ အချိန် Range ပိုရအောင် ဆွဲဆန့်ပေးနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ယခင် Niro PHEV ကားမှာ ဆိုရင်တော့ 8.9 kWh Battery ကို ထည့်ပေးထားခဲ့တာ ဖြစ်ပြီး အခု ကားအသစ်မှာတော့ 11.1 kWh Battery Pack ကို ပြောင်းထည့် ပေးလိုက်တာကြောင့် လျှပ်စစ် Range ကလည်း ၄၀.၃ မိုင် လောက်အထိ ကိုတိုးတက်သွားတာပါ။ ဒါပေမယ့်လည်း ကားရဲ့ အမြင့်မားဆုံး Range ပမာဏကို ရဖို့ဆိုရင်တော့ ၁၆ လက်မ ဘီးနဲ့ဆိုရင် ပိုအဆင်ပြေလိမ့်မယ်လို့ သိရပါတယ်။
Niro EV လျှပ်စစ်စွမ်းအင် သီးသန့်ကားမှာ ဆိုရင်တော့ 201 hp အထိ စွမ်းဆောင်နိုင်ပြီး 188 lb-ft Torque အထိ ကို ရှိမှာလည်း ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၆၀ နှုန်း တင်မောင်းနိုင်ဖို့ အတွက်ကတော့ ၇.၈ စက္ကန့် အထိ ရှိမှာဖြစ်ပြီး အမြင့် ဆုံး မြန်နှုန်းကတော့ ၁၀၄ မိုင် အထိ ရှိပါတယ်။ ဒါ့အပြင် ကားမှာပါလာတဲ့ 64.8 kWh ပမာဏရှိ Lithium-Ion Polymer ဘက်ထရီကြောင့်တော့ တစ်ကြိမ် အပြည့်အားသွင်း ထား ရင် ၂၈၇ မိုင် အထိ မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် DC Rapid Charger ကြောင့်လည်း အား သွင်းရာမှာ ၁၀ ရာခိုင်နှုန်းကနေ ၈၀ လောက် အထိ ရအောင် ၄၃ မိနစ်ပဲ အချိန်ယူရမှာပါ။ Niro EV အသစ် ကတော့ ယခင် မျိုးဆက် အဟောင်းထက် ပိုပြီး လက်တွေ့ ကျတယ်လို့ ဆိုနိုင်ပြီး ကားရဲ့ အရှေ့ဘက် စက်ဖုံးထဲမှာ လီတာ ၂၀ စာလောက်အထိ ပစ္စည်းထည့်ဖို့ ရှိလာခဲ့တာပါ။ ကားရဲ့ အနောက်ဘက်မှာလည်း ၄၇၅ လီတာ အထိကို ပစ္စည်းတင်ဆောင် နိုင်ဦးမှာ ဖြစ်ပြီး ယခင်မော်ဒယ်နဲ့ယှဉ်မယ် ဆို ၂၄ လီတာ အထိကို ပိုလာခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ အဆိုပါ ကားကို လျှပ်စစ်သီးသန့် မဟုတ်သေးပဲ Combustion Engine နဲ့ ပေါင်းထားတာပဲ လိုချင်တယ် ဆိုရင်တော့ HEV ကားမှာ ပစ္စည်းထည့်စရာ ၄၅၁ လီတာ ပဲရှိမှာ ဖြစ်ပြီး PHEV ကား ကတော့ အနည်းဆုံး ဖြစ်ကာ ၃၄၈ လီတာပဲ ဆန့်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကား ကတော့ Hyundai Elantra ဆီက ယူဆောင်ဖန်တီးထားတဲ့ K 3 Platform ပေါ်မှာအခြေခံထားတာဖြစ်ပြီး ဥရောပ တစ်လွှားမှာ တော့ လာမယ့်လပိုင်းတွေ ထဲမှာတင် ရောင်းချတော့မှာ ဖြစ်ကာ အမေရိက ဈေးကွက် အတွက် ကားအမျိုးအစားကို တော့လပိုင်းလောက် စောင့်ကြည့်ရဦးမှာပါ။
Ref: motor 1.com