ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာပဲ Mid-Size Sedan ကားတွေရဲ့ ရောင်းအားက သိသိသာသာ ကျဆင်းလာခဲ့ ရပြီး တစ်ချို့ ကားကုမ္ပဏီ တွေဆိုရင် သူတို့ရဲ့ Segment တွေထဲကတောင် ပယ်ထုတ်လိုက်ရတဲ့ အထိ ဖြစ်ခဲ့ကြရပါတယ်။ နာမည်ရထားပြီးသား Honda Accord နဲ့ Toyota Camry ကားတွေတောင် ကျဆင်းနေတဲ့ ရောင်းအားတွေထဲ ပါခဲ့ ရသလို Ford ဆိုရင်လည်း ၂၀၂၀ မော်ဒယ်ကတည်းက နာမည် ကျော် Fusion ကားကို ဆက်လက် မထုတ်လုပ်တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထူးခြားတာကတော့ Chevrolet Malibu ကတော့ လက်ရှိမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ အဆိုပါ ကားရဲ့ အနာဂါတ်ကလည်း တစ်ခြားသော ကားတွေနဲ့မတူ တစ်မျိုးတော့ ထူးခြား နေပြန်ပါ တယ်။ အကြောင်းကတော့ အခုဆိုရင် အဆိုပါ ကားအတွက် Chevrolet အနေနဲ့ အမှာစာတွေကို ဆက်ပြီး လက်မခံတော့ဘူး လို့သိရပါ တယ်။ အကြောင်းကတော့ အဆိုပါ Malibu ကားရဲ့ 2022 Model Year အတွက် အမှာစာ တွေက သတ်မှတ် ထားတဲ့ ပမာဏပြည့်မှီ သွား လို့ပဲ ဖြစ်ပါတယ်။ ဒီ အခြေအနေကတော့ တကယ်ပဲ ရောင်းကောင်း လို့လား ၊ ဒါမှမဟုတ် ကားကိုပဲ ဆက်လက် ထုတ်လုပ်ခြင်း မရှိတော့ တာလား ဆိုတာကတော့ သိပ်မသေချာ သေးပါဘူး။ ဒါပေမယ့် တစ်ချို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ အရတော့ အဆိုပါ ကားမော် ဒယ်ကို ၂၀၂၃ နောက်ပိုင်းမှာ ဆက်လက် ထုတ်လုပ်တော့မှာ မဟုတ်ဘူးလို့ သိထားရပါတယ်။ လက်ရှိ အချိန်အထိတော့ အခု ကားရဲ့ အနာ ဂါတ် ကို ကုမ္ပဏီ ဘက်က ဘာတစ်ခုမှ အတည်ပြုထားခြင်း မရှိသေးတာဖြစ်ပါတယ်။
Chevrolet အနေနဲ့ ကတော့ အခု ရက်သတ္တပတ်အစောပိုင်း လောက်တုန်းကပဲ Spark Hatchback ကားလေးကို ထုတ်လုပ်မှု ရပ်ဆိုင်း လိုက်ပါတယ်။ ဒါကြောင့် အခုဆိုရင် Malibu အမျိုးအစား တစ်မျိုးတည်းကသာ လျှပ်စစ်ကား မဟုတ်တဲ့ အမေရိကန်နဲ့ ကနေဒါ ဈေးကွက် အတွက် မိသားစုစီး Mid-Size Sedan အဖြစ် ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အခု ကားရဲ့ Range အတူ ရှိနေတဲ့ အခြားသော ကားတွေအ နေနဲ့ ဆိုရင်တော့ Corvette နဲ့ Camaro တို့ ရှိနေသေးပေမယ့်လည်း Camaro ဆိုရင်လည်း နောက်ပိုင်းမှာ ဆက်လက်ထုတ်လုပ်တော့မှာ မဟုတ်ဘူး ဆိုတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ထွက်ခဲ့ ပါသေးတယ်။ ဒါပေမယ့်လည်း Malibu ရဲ့ မနှစ်က ရောင်းအား တွေထဲမှာတော့ အဆိုပါ Mid-Size Sedan ရဲ့ ရောင်းအားက ဆိုးဆိုးရွားရွား ကျဆင်းသွားတာမျိုးကို မကြုံခဲ့ရပါဘူး။ ၂၀၂၁ အတွက်ဆို ရင် Malibu ကားပေါင်း ၃၉.၃၇၆ စီး အထိ ရောင်းချခဲ့ရပြီး တစ်ဖက်မှာ နှိုင်းယှဉ်ကြည့်ရမယ် ဆိုရင်တော့ Toyota Camry ရဲ့ ရောင်းအား အစီးရေ ၃၁၃,၇၉ စီး ရှိထားပါတယ်။ အဆိုပါ ကာလ တူ အတွင်းမှာပဲ အခြားသော ကားကုမ္ပဏီ ဖြစ်တဲ့ Honda ရဲ့ Accord ကားကတော့ အစီးရေ ၂၀၂,၆၇၆ စီး အထိ ရောင်းချ ခဲ့ရတာပါ။ Malibu ရဲ့ ရောင်းအားကို ကျော်တက်သွားနိုင်ခဲ့တဲ့ ကားတွေထဲမှာ ဆိုရင်တော့ Nissan Altima က အစီးရေ ၁၀၃,၇၇၇ စီး အထိ ရောင်းချခဲ့ရပြီး ၊ Hyundai Sonata ကတော့ ၉၃,၁၄၂ စီးနဲ့ Kia K5 တို့ ကတော့ ၉၂,၃၂၆ စီး အထိ ရှိထားတာ တွေ့ရပါတယ်။
လက်ရှိ မှာတော့ Chevrolet အနေနဲ့ အဆိုပါ Mid-Size Sedan ကားကို ၂၀၂၂ အတွက် Updates တစ်ချို့ ပေးထား ခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ အခု Update အသစ်တွေမှာ ရောင်းအားလည်း သိပ်မကောင်းတဲ့ အနိမ့်ဆုံး Entry Level Malibu L ကားကို ချန်လှပ်ခဲ့ပြီ ဖြစ်ပြီး LS အသစ်ကိုတော့ Base Model အသစ်အဖြစ် ထားရှိ ပေးလာခဲ့ ပါတယ်။ ဒါ့အပြင် ယခင် ပါဝင်နေကြ Mechanical Parking Brake အစားလည်း Electronic Parking Brake စနစ် ကို ပြောင်းလဲ ထည့်သွင်းပေးလာပြီ ဖြစ်ပါတယ်။ ဈေးနှုန်း အနေနဲ့ကတော့ အခု 2022 Malibu ကားအသစ် အတွက် $ 24,395နဲ့ စတင်တာဖြစ်ပြီး လောလောဆယ်တော့ မှာယူလို့ မရနိုင် တော့တာကြောင့် ပြန်ရနိုင်ဦး မလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ။
Ref: motor 1.com