Freightliner ဆိုတဲ့ ကားကြီးတွေကတော့ လမ်းမတွေထက်မှာ တကယ်ကိုကြီးမားတဲ့ Semi-Trailer Truck ကြီးတွေ အဖြစ် နာမည်ကြီး ပါတယ်။ သေချာတာ ကတော့ အခု ကားကြီး တွေကို လမ်းပေါ်မှာ တွေ့လိုက်ရင် လုံးဝမှားစရာ အကြောင်း မရှိလောက်အောင် ထင်ရှားနေမှာဖြစ်ပြီး အခုလည်း ပိုကြီးပိုဆန်းတဲ့ အပြင် အဆင်နဲ့ Freightliner ကြီး တစ်စီးကို တွေ့ရပြန်ပါပြီ။ အခု မြင်ရမယ့် 2008 Freightliner Coronado ကတော့ သာမန် Freightliner လို ကြီးတာ မျိုးတင် မဟုတ်ပဲ Haulmark ရဲ့ အပြင် အဆင်တွေနဲ့ အတူ မြင်ဖူးသမျှထဲ အတော်ကို အကြီးမားဆုံး Motorhome ကြီး တစ်စီးပဲ ဖြစ်ပါတယ်။ ဒီကားကြီး မတိုင်ခင်မြင် ခဲ့ဖူးတဲ့ Kenworth-Airstream Customer Camper ကားလိုမျိုး ကားကြီးပဲ ဖြစ်ပြီး အခုကားကတော့ တကယ်ကို ကြီးလွန်းတာကြောင့် ကိုယ့်အိမ်ရဲ့ ဂိုဒေါင် လောက်သာမက ကိုယ့် အိမ် တစ်အိမ်လုံးကိုတောင် ခရီးသွားရင် သယ်သွားလို့ ရလောက်တယ်လို့ကို ဆိုရတော့မှာပါပဲ။

Photo Credit: motor 1.com

အခုလိုမျိုး ၁၄ နှစ် သက်တမ်း ရှိနေပြီဖြစ်တဲ့ ကားကြီးကိုတော့ Cicio Performance ရဲ့ Nathan Cicio ဆိုသူက ရောင်းချနိုင်ဖို့ အတွက် လူမှုကွန်ရက်မှာ တင်ခဲ့ တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလို နောက်ထပ် ကားသစ်တစ်စီး ရောက်လာမှာဖြစ်လို့ ဒီကားကြီးကို ရောင်းထုတ်ရခြင်းသာ ဖြစ်ပြီး ပုံတွေ ကြည့်တာနဲ့တင် Truck နဲ့ Trailer တွေက အတော်လေး ကောင်းတဲ့ အခြေအနေမှာ ရှိနေသေးတာ မြင်ရပြီး အပြင်ဘက်ကိုတော့ Cicio ကိုယ်တိုင် စိတ်ကြိုက် ပြန်လည် ဖန်တီး ထားတာပါ။ ကားရဲ့ မူလ ကားကတော့ 2008 Freightliner Coronado ကို အခြေခံထားတာ ဖြစ်ပြီး Detroit ရဲ့ ဒီဇယ် အင်ဂျင်ကြီး တပ်ဆင်ပေးထားပါတယ်။ ကားကြီး ရဲ့ စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက် တွေကိုတော့ မဖော်ပြထား သေးပေမယ့်လည်း တစ်နာရီ မိုင် ၇၀ နှုန်း လောက် အထိကို ဘာပြဿ နာမှ မရှိပဲ အေးဆေး မောင်းနိုင်တယ်လို့ သိရပါတယ်။ အတော်လေးကြီးမားတဲ့ သာမန် Motorhome တွေလိုမျိုးပဲ အခုကားကြီးမှာလည်း ဧည့်ခန်း ခပ်ကောင်း ကောင်း ၊ ၂ ကန့်ပါ Two-Door ရေခဲသေတ္တာနဲ့ မီးဖိုချောင်၊ ရေချိုးခန်းတို့အပြင် Master Bedroom ကိုမှ Queen-Size အိပ်ယာကြီးတို့အထိ ပါဝင်လာပါတယ်။ အတွင်းခန်း ဒီဇိုင်းတွေကတော့ နည်းနည်း ခေတ်နောက်ကျနေပြီ ဆိုပေမယ့် ဟိုဘက်ခေတ် ဒီဇိုင်းလေးတွေနဲ့ အရသာကို သဘောကျသူ ဆိုရင်တော့ အတော် လေး မျက်စိကျမိမှာ သေချာပါတယ်။

Photo Credit: motor 1.com

အခု Motorhome ကားကြီး ရဲ့ နောက်ထပ် ထူးခြားချက် တစ်ရပ် ကတော့ ၃၆ ပေ အရှည် ရှိတဲ့ 2008 Haulmark Trailer နောက်တွဲကြီးပါပဲ။ အဆိုပါ နောက် တွဲကြီးကတော့ ၂ ထပ်ဖြစ်ပြီး ကား ၂ စီး အထိ ထပ်ထည့်လို့ ‌ရသေးတဲ့ အထိ ကြီးမားပါတယ်။ Onan 12.5 Generator ကို တပ်ဆင်ထားပြီး Five Drops ပါတဲ့ Air Compressor နဲ့ အတူ Liftgate Stacker ၊ ပစ္စည်း အစုံထည့်လို့ရတဲ့ အဆင့်တွေနဲ့ ဂိုဒေါင်နေရာတွေကိုလည်း ဒီနောက်တွဲထဲမှာ တင်ပဲ ထည့်ပေးထားတာ ဖြစ်ပါတယ်။ တကယ်လို့ ဒီကားကြီးကို စိတ်ဝင်စားလို့ ဝယ်ချင်တယ် ဆိုသူတွေ အတွက်တော့ ကား တစ်စီးလုံးစာ အတွက် ဒေါ်လာ ၄၂၅,၀၀၀ ဈေးခေါ်ထား တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com