1,200 hp အထိ စွမ်းဆောင် နိုင်တဲ့ GTE Electric Super Sedan ကားကို ဒေါ်လာ ၁.၂၅ သန်းနဲ့ စတင် မိတ်ဆက်ပေး ခဲ့တဲ့ Silicon Valley အခြေစိုက် Drako ဆိုတဲ့ လျှပ်စစ် ကားကုမ္ပဏီသစ် တစ်ခုက ၂၀၁၉ ခုနှစ် မှာ စတင်ပေါ်ပေါက် လာခဲ့ ဖူးပါတယ်။ အဆိုပါ အချိန်တုန်းကဆိုရင် Tesla နဲ့ Lucid တို့က 1,000 hp ကျော်တဲ့ လျှပ်စစ် ကားတွေကို ချပြထားနိုင်ပြီ ဆိုပေမယ့်လည်း Drako ရဲ့ ကားကတော့ လျှပ်စစ်ကား တစ်စီး အနေနဲ့ အတော်လေးအထင်ကြီး စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် $ 140,000 အောက်လောက် ကနေ ဈေးစကား စပြောထားတဲ့ Tesla Model S Plaid လို ကားနဲ့ ယှဉ်ရင်တော့ Drako ရဲ့ ကားက အတော်လေး ဈေးများနေခဲ့တာ အားနည်းချက် ဖြစ်ခဲ့ပါတယ်။ GTE ကားကို နဂို တုန်းကတော့ ၂၀၂၁ မှာ မိတ်ဆက်ဖို့ စီစဉ်ခဲ့ပေမယ့် ဖြစ်မလာခဲ့တဲ့နောက် အခုဆိုရင်တော့ SUV အမျိုးအစားနဲ့ အတူ တစ်ကျော့ပြန် ထွက်ပေါ် လာခဲ့ပါပြီ။ စွမ်းဆောင်ရည် အသားပေးလေ့ရှိတဲ့ Drako ရဲ့ အနေအထား အတိုင်း 2,000 hp အထိ ကို စွမ်းဆောင်နိုင်တဲ့ ကားအဖြစ် ယူဆောင် ပေးလာတာဖြစ်ပြီး တစ်နာရီ မိုင် ၆၀ နှုန်း အရှိန်တင်ဖို့ ဆိုရင် ၁.၉ စက္ကန့် အတွင်းမှာတင် ဖြစ်နိုင်တော့မယ့် အထိပါပဲ။ ဒါ့အပြင် တစ်မိုင်ရဲ့ ၄ ပုံ ၁ ပုံ ကိုတော့ ၉ စက္ကန့် ထဲနဲ့ပဲ ရအောင် မောင်းပြနိုင်ကာ အမြင့်ဆုံးမြန်နှုန်း ဆိုရင်လည်း တစ်နာရီ မိုင် ၂၀၀ ကျော် အထိကို ရှိနေမယ့်ကား ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ကားမှာတော့ သီးခြားစီ အလုပ်လုပ်နေမယ့် လျှပ်စစ်မော်တာ ၄ လုံးကို တပ်ဆင်ထားပြီး Torque Vectoring စနစ် ကလည်း အတော်လေး တိကျလာတာ တွေ့ရပါတယ်။ Drako ရဲ့ ကိုယ်ပိုင် DriveOS Software နဲ့ ကားကို ထိန်းချုပ်ထားပြီး Sport ဆန်ဆန် ၃ မျိုးအထိ ချိန်ညှိနိုင်မယ့် Suspension ကိုလည်း ထည့်ပေးထားမှာဖြစ်လို့ လမ်းကောင်းရော လမ်းကြမ်းပါမရွေး အေးဆေး မောင်းနိုင်မှာပါ။ ဘက်ထရီပိုင်း အသေးစိတ် အချက်အလက်တွေ ကိုတော့ မဖော်ပြထား သေးပေမယ့်လည်း ယခင် Drako GTE တုန်းက တော့ 90 kWh battery ကို သုံးထားတာနဲ့တင် တစ်ခါအားသွင်း မိုင် ၂၀၀ လောက် အထိကို မောင်းနိုင်ခဲ့ တာပါ။ အခု ကားရဲ့ ကိုယ်ထည်ပိုင်း အတွက် အီတလီ အခြေစိုက် ဇိမ်ခံ ခရီးသည်တင် ကားတွေ ထုတ်လုပ် ရာ GranStudio ကနေ Bespoke Body ကို ဖန်တီးပေးထားတာ ဖြစ်ပြီး ကားတစ်စီးလုံး ထုတ်လုပ်ရေး ကိုလည်း တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု Dragon ကားအသစ်ကို ကြည့်လိုက်တာနဲ့တင် Supercar လိုမျိုး အပြင်အဆင် တွေကို သိသိသာသာ မြင်တွေ့ ရနိုင်ပြီး Gullwing Doors လိုမျိုး အပေါ်ကို လှန်ဖွင့်ရတဲ့ အတောင်ပံ ဒီဇိုင်း တံခါးကလည်း တကယ်ကို ပြီးပြည့်စုံစေ နေပါတယ်။ ကားကိုယ်ထည် ကတော့ များသောအားဖြင့် ကာ‌ဗွန်ဖိုက်ဘာနဲ့ ဖန်တီး ထားတယ်လို့ သိရပြီးအတွင်းမှာ တော့ ခရီးသည် ၅ ယောက် ကောင်းကောင်း လိုက်လို့ရကာ ပစ္စည်းတွေကို လည်း  ၅ ယောက်လုံး အတွက် တစ်ကိုယ်ရည်စာ ကောင်းကောင်း ထည့်သွားလို့ ရပါတယ်။ လက်ရှိမှာ ကား ရဲ့ဈေးနှုန်းကို Drako က မသတ်မှတ် ထားသေး ပေမယ့်လည်း တစ်ခြားသော စွမ်းဆောင်ရည်မြင့် SUV အသစ်တွေ ဖြစ်ကြတဲ့ Aston Martin DBX  ၊ Lamborghini Urus တို့ အပြင်မကြာသေးမီက ချပြထား တဲ့ Lotus Eletre ကားသစ် တွေကိုတော့ ကောင်းကောင်း ယှဉ်လာနိုင်ဖို့ အတွက် ကြိုးစားထားတယ်လို့ သိရပါတယ်။ ဒီ အနေအထားကို ကြည့်ရမယ် ဆိုရင်တော့ ကားရဲ့ ဈေးကို  $ 200,000 ဝန်းကျင် လောက် တော့ ရှိလိမ့်မယ်လို့ ခန့်မှန်းထား ရမှာပါ။ အခု ကားကို အစီးရေ ဘယ်လောက် အထိ ထုတ်လုပ်ရောင်းချမယ် ဆိုတာ မသိရသေးပေမယ့်လည်း ယခင်ထုတ်လုပ်ခဲ့ဖူးတဲ့ GTE ကားအစီးရေ ၂၅ စီး ထက် တော့ ပိုများနိုင် မှာ ဖြစ်ပါတယ်။ Drako ကတော့ လက်ရှိမှာ အခု ကားအသစ်အတွက် ဝယ်ယူဖို့ အမှာစာတွေကို စတင် လက်ခံနေပြီ ဖြစ်ပြီး ကားကိုတော့ အခုနှစ် နှောင်းပိုင်း လောက်မှာတင် တရားဝင် ချပြပေးတော့မှာ ဖြစ်ပါ တယ်။

Ref: MotorAuthority