ဝေးလ်စ် ရဲ့ မင်းသမီး ဒိုင်ယာနာ ကတော့ Ford Escort ကား အမျိုးအစားလေးတွေကို အတော်လေး သဘောကျ နှစ်ခြိုက်ခဲ့ပုံ ရပါတယ်။ သူမမှာ အဆိုပါ ကားလေးတွေ အတော်များများ ပိုင်‌ဆိုင်ခဲ့တာဖြစ်ပြီး အခု လေလံပွဲ ရောက်လာတဲ့ 1985 Ford Escort RS Turbo Series 1 (S 1) လည်း အပါအဝင် ဖြစ်ပါတယ်။ အဆိုပါ ကားလေးကို တော့ အခုလ နှောင်းပိုင်းမှာ ကျင်းပမယ့် Silverstone ‌လေလံပွဲမှာ ရောင်းချသွားတော့ မှာပါ။ မင်းသမီးရဲ့ Escort ကားတွေထဲ တတိယမြောက်နဲ့ နောက်ဆုံး ပိုင်ဆိုင်မှုဖြစ်ခဲ့တဲ့ အဆိုပါ ကားလေးကိုတော့ တော်ဝင်လုံခြုံရေးဌာနက နေ လေလံပွဲကို တိုက်ရိုက် ပို့ဆောင်လာခဲ့တာပါ။ မင်းသမီး ဒိုင်ယာနာ ရဲ့ ယခင် Escort ကားလေးကတော့ အနီရောင် 1.6i Cabriolet အမျိုးအစားဖြစ်ခဲ့ပြီး ဆွဲဆောင်မှု ရှိလွန်းတဲ့ အရောင်လေးနဲ့ အတော်လေး မိုက်တဲ့ Canvas အမိုးတို့ ပါဝင်ထား ခဲ့ပါတယ်။

Photo Credit: MotorAuthority

နောက်ပိုင်း အခု Escort RS Turbo ကားလေးကို မင်းသမီး ဒိုင်ယာနာ ရရှိခဲ့ချိန်မှာတော့ ကားကို အနက်ရောင် အဖြစ် သီးသန့် လှပနေအောင် ဖန်တီးစေခဲ့ပါတယ်။ တစ်ခုရှိတာကတော့ အဆိုပါ အမျိုးအစားရဲ့ အခြား သောကားတွေ အကုန်လုံးက အဖြူရောင်တွေချည်းပဲ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် အခု ကားမှာလည်း RS Piece တွေ ထက်စာရင် ပိုကောင်းတဲ့ Escort Grille ကို ရရှိထားတာဖြစ်ပြီး မင်းသမီး ဒိုင်ယာနာနဲ့ သက်တော် စောင့်တွေ အကြား ဆက်သွယ်နိုင်မယ့် ရေဒီယိုပါ ပါရှိခဲ့ပါသေးတယ်။ အဆိုပါ RS Turbo ကားလေးကတော့ တတိယမြောက် မျိုးဆက် Escort ကားလေးတွေထဲကမှ စွမ်းဆောင်ရည် အမြင့်မားဆုံး ကားတစ်စီး ဖြစ်ပြီး နာမည်အတိုင်းကိုပဲ Turbocharger သုံးထားကာ 1.6 Liter Inline-4 Engine ကို သုံးပေးထားတာလည်း ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင်ကိုတော့ ယခင်ကတည်းက XR3 ၊ XR3i နဲ့ RS 1600i Performance Models တွေမှာပါ သုံးခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည် ကလည်း 130 hp အထိ ရှိခဲ့ပါတယ်။ အဆိုပါ ကားတွေကလည်း ထိုခေတ်ရဲ့ စွမ်းဆောင်ရည် အသားပေးကား‌တွေ အဖြစ် အသုံးတော်ခံခဲ့ကြပြီး အခုလို ပိုင်ရှင်တစ်ဦးတည်းရဲ့ တစ်လက်ကိုင် ဆိုတာကလည်း ရှားပါးတဲ့ အခြေအနေ ပါပဲ။

Photo Credit: MotorAuthority

အခု ကားလေးကတော့ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် မေလမှာ Ford ဆီကို ပြန်လည်ရောက်ရှိခဲ့ပြီး Odometer ပေါ်မှာတော့ ၆,၈၀၀ မိုင် လောက်အထိ ခရီးနှင်ထားပြီးကြောင်း ပြထားပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာတော့ ပိုင်ရှင်တစ်ချို့ဆီ အခု ကားလေး ရောက်ရှိသွားခဲ့သေးပြီး ခရီးမိုင် စုစုပေါင်းက ၂၄,၉၆၁ မိုင် အထိ ရှိလာခဲ့ပါတယ်။ အခု ကားလေးရဲ့ လေလံ ပွဲအတွင်း ကြမ်းခင်းဈေးကို မပြောထားပေမယ့်လည်း မင်းသမီး ဒိုင်ယာနာ ပဲ ပိုင်ဆိုင်ခဲ့တဲ့ 1981 ခုနှစ်ထုတ် Ghia Sedan ကားလေးတုန်းကတော့ $ 65,000 လောက်အထိဈေးနဲ့ ပြီးခဲ့တဲ့နှစ်တုန်းက လေလံအောင်ခဲ့ ဖူးပါသေးတယ်။ ဒါ့အပြင် မင်းသမီး ရဲ့ နောက်ထပ် Audi 80 Cabriolet ကားလေးဆိုရင်လည်း မနှစ်က လေလံပွဲ တစ်ခုမှာပဲ ဒေါ်လာ ၈၀,၀၀၀ အထိ ရောင်းချခဲ့ရတာကြောင့် အခု ကားလေးလည်း ဘယ်လောက်အထိ ဈေးရမလဲဆိုတာ စိတ်ဝင်စား စရာ ကောင်းနေပြီပဲ ဖြစ်ပါတယ်။

Ref: MotorAuthority