၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲကြီးကိုတော့ လာမယ့် နိုဝင်ဘာ ၂၀ မှာတင်ပဲ ကာတာနိုင်ငံမှာ ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါ ပွဲကြီးမတိုင်ခင်မှာပဲ မာစီးဒီး တို့ဟာ သူတို့ရဲ့ ၁၉၇၄ ကမ္ဘာ့ဖလားပွဲမှာ ဘောလုံး အသင်းတွေ ပို့ဆောင်ရေးအတွက် အသုံးပြုခဲ့ဖူးတဲ့ ဘတ်စ်ကားကြီးတွေကို ချပြကာ အမှတ်တရ ဖြစ်လာစေခဲ့ပါတယ်။ အဆိုပါ ပွဲကြီးတုန်းကတော့ ဒီနေ့ခေတ်လို ၃၂ သင်း မဟုတ်ပဲ ၁၆ သင်းထဲ ပါဝင် ယှဉ်ပြိုင်ခဲ့ကြ တာပါ။ ပြိုင်ပွဲမှာတော့ Mercedes တို့က အဆိုပါ ပြိုင်ပွဲဝင်အသင်းတွေအတွက် သက်ဆိုင်ရာ နိုင်ငံအသင်း အရောင်တွေအလိုက် လှပစွာ ပြင်ဆင်ထားတဲ့ ဘတ်စ်ကားတွေနဲ့ ပို့ဆောင် ပေးခဲ့ကြတာပါ။ ကားအပြင် ဘက်မှာ အခုလို နိုင်ငံအလိုက် အရောင် တောက်တောက် လေးတွေနဲ့ လှလှပပ ပြင်ဆင်ထားတဲ့ အပြင် 1974 World Cup Mascots လာဘ်ကောင် လေးတွေ ဖြစ်တဲ့ Tip And Tap ပုံလေးတွေကိုလည်း ကား အနောက်ဘက်မှာ ထည့်သွင်းထားပါသေးတယ်။

Photo Credit: motor 1.com

အတွင်းခန်း ထဲမှာတော့ ကစားသမားတွေ အတွက် သက်တောင့်သက်သာနဲ့ အဆင်ပြေပြေ အသုံးဝင်နိုင်မယ့် အပြင် အဆင်တွေကို ထည့်သွင်းပေးထားပြီး တစ်ချို့သော အရာတွေကတော့ အခုခေတ် အနေအထားနဲ့ ဆိုရင် အဆင်မပြေလောက်တော့ပါဘူး။ ထိုင်ခုံတစ်ခုံချင်းစီတိုင်းမှာ ဆေးလိပ်ပြာခွက်လေးတွေ ထည့်ထားပြီး အနောက်ဘက်မှာလည်း ဘီယာဘုံခေါင်း တစ်ခု ပါပါသေးတယ်။ ဒါ့အပြင် ကက်ဆက် နဲ့ Blaupunkt ဆိုတဲ့ စတီရီယို စနစ်ကိုလည်း ထည့်ပေးထားပြီး သက်တောင့်သက်သာ ပိုဖြစ်စေတဲ့ အဲကွန်းစနစ်လည်း ပါဝင်နေခဲ့ပြီး ဖြစ်ပါတယ်။ Upholstery အရောင်ပိုင်းမှာ ဆိုရင်တော့ ၁၉၇၀ ခုနှစ်တွေလောက်တုန်းက ခေတ်စားတဲ့ အနီနဲ့ လိမ္မော်အရောအစပ် ပုံစံမျိုး သုံးပေးထားပြီး အဖြူရောင် ကာဗာလေးတွေကိုတော့ ထိုင်ခုံနောက်မှီတိုင်းမှာ ထည့်ပေးထားပါတယ်။ အဆိုပါ အချိန်တုန်းကတော့ အခုပြသထားတဲ့ ဂျာမနီအသင်း ကိုယ်စားပြု ကားကြီးပေါ်မှာ အနောက် ဂျာမနီ အသင်းသားတွေ က သတ်မှတ်ထားတဲ့ ထိုင်ခုံတွေ အလိုက် စီးနင်းခဲ့ကြတယ်လို့လည်း သိရပါတယ်။ အဆိုပါ ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲမှာ လည်း အနောက် ဂျာမနီအသင်း က နယ်သာလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာပါ။ ဒါကြောင့် မာစီးဒီး ရဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းရှိတဲ့  အခုလို ဘတ်စ်ကားကြီးတွေက အသင်းအောင်ပွဲအတွက် တစ်ဖက်တစ်လမ်းက အရေးပါခဲ့တယ်လို့ ဆိုလို့ရနိုင်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် တကယ်တော့ အခု Mercedes  Museum ပြတိုက်ကြီးမှာ ပြသထားတဲ့ ကားက တကယ့်ကမ္ဘာ့ဖလားမှာ သုံးထားခဲ့တဲ့ ကားတော့ မဟုတ်တော့ပါဘူး။ ကမ္ဘာ့ဖလား ပွဲအပြီးမှာ အပြင်ဘက်က ပုံရိပ်တွေကို ပြန်ဖျက်ပြီး သာမန် ဝန်ဆောင်မှုတွေပေးတဲ့ နေရာမှာ ပြန်သုံးခဲ့တာ ဖြစ်လို့ အခုကားကတော့ တစ်ပုံစံတည်း ပြန်လည်တည်ဆောက် ပေးထားတဲ့ ကားပဲ ဖြစ်ပါတယ်။ အခု O 302 ဘတ်စ်ကားကြီးကို ၁၉၆၅ ခုနှစ် အစောပိုင်းလောက်က ထုတ်လုပ် ခဲ့တာဖြစ်ပြီး အစီးရေ ၃၂,၀၀၀ အထက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ကားကြီးကို Four-Cylinder ဒါမှမဟုတ် Six- Cylinder Naturally Aspirated ဒီဇယ် အင်ဂျင်ကြီးတွေ အနေနဲ့ ရွေးချယ်မှာယူနိုင်ပြီး စွမ်းဆောင်ရည်ကလည်း 125 hp ကနေ 236 hp အထိကို ရှိခဲ့တာပါ။ နောက်ပိုင်း ၁၉၇၁ လောက် အရောက်မှာတော့ အခုကားတွေမှာ Air Suspension စနစ်က Standard ဖြစ်လာခဲ့တာ ကြောင့် ငြိမ့်ညောင်းမှုအပိုင်းမှာ တကယ်ကို အမှတ်ရစရာ ဘတ်စ်ကားကြီးတွေပဲ ဖြစ်ပါတယ်။

Ref: motor 1.com