ရှေးဟောင်း ဂန္ဓဝင် ကားဟောင်း တွေကိုမှ ကြိုက်နှစ်သက်စွာ စုဆောင်းတတ်ကြတဲ့ သူတွေထဲမှာ ဗြိတိန် နာမည်ကြီး Jazz-Funk တီးဝိုင်း Jamiroquai ရဲ့ Frontman ဖြစ်သူ Jay Kay လည်း အပါအဝင် ဖြစ်ပါ တယ်။ အခုဆိုရင်တော့ သူပိုင်ဆိုင် စုဆောင်းထားတဲ့ ကားဟောင်းကြီးတွေထဲကမှ ရှားပါးတစ်စီးဖြစ်တဲ့ 1968 Mercedes- Benz 600 ကားကြီးကို လေလံတင်ရောင်းချတော့မှာပါ။ ဒီကနေ့ခေတ် Mercedes S-Class ကားတွေရဲ့ ရှေ့ဆောင် ဖခင်ကားကြီးလည်း ဖြစ်တဲ့ 600 ကားကတော့ အဆိုပါခေတ်က ဇိမ်ခံကားတွေထဲ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ ဟိုးယခင် ကတည်းက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အဲလ်ဗက်စ် ပရက်စလေ တို့လိုမျိုး ကမ္ဘာကျော် အနုပညာရှင်တွေ ရဲ့ လက်စွဲ ကားကြီးတစ်စီးလည်း ဖြစ်ပြန်တာပါ။

Photo Credit: MotorAuthority

ကားကြီးမှာတော့ M100 6.3 Liter V8 Engine ကြီးကို သုံးပေးထားပြီး နောက်ပိုင်းမှာတော့ အဆိုပါ အင်ဂျင်ကို 300 SEL 6.3 Sports Sedan ကားအတွက် ပုံပြောင်းပြီး အသုံးချပေး ခဲ့ပါသေးတယ်။ အခုကား ကြီးက Rear-Wheel Drive စနစ်ဖြစ်ပြီး Column-Shifted စနစ်နဲ့ 4-Speed Automatic ဂီယာကို သုံးထားတာပါ။ ဒါ့အပြင် ဟိုက်‌ဒရောလစ် ကားစနစ်ကြောင့် Central Locking စနစ် ၊ ပြတင်း တံခါးပေါက်တွေ ၊ ချိန်ညှိနိုင်တဲ့ထိုင်ခုံတွေ၊ အမိုး Sunroof တွေလည်း ပါဝင်တာ ဖြစ်ပါတယ်။ Jay Kay ပိုင်ဆိုင်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိရောင်းချသူက နယ်သာလန်မှာ ၂၀၂၁ ကတည်းက  ဝယ်ယူထားတာပါ။ ဒါ့အပြင် အခုကားက ၁၇ နှစ်တာ ကာလအတွင်း ထုတ်လုပ်ခဲ့တဲ့ Wheelbase အတိုနဲ့ Sedan ကားတွေထဲက တစ်စီး အပါအဝင် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အခု ကားကိုပဲ မာစီးဒီးဟာ Wheelbase အရှည် အမျိုးအစားအနေနဲ့ ထုတ်လုပ်ပေးခဲ့ဖူးပြီး 600 Pullman Limousine ဆိုတဲ့ကားတွေ ဖြစ်လာခဲ့တာပါ။

Photo Credit: MotorAuthority

ကားရဲ့ Odometer မှာ မြင်ရသလောက်တော့ အခုကားကြီးဟာ မိုင်ပေါင်း ၄၇,၀၀၀ လောက် အထိကို ခရီးနှင်ထား ပြီး အဆိုပါ ပမာဏထဲက မိုင် ၁၀၀ လောက် ကို လက်ရှိ ပိုင်ရှင် မောင်းထားတာ ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ တစ်ချို့သော လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးခဲ့ပြီး ဆီပြန်ထည့်တာ ၊ Plug တွေ ပြန်အစားထိုးတာ ၊ ဘရိတ် ဆားဗစ် ပြန်စစ်တာတို့အပြင် အနောက်ဘက် ဝင်ရိုးပြောင်းတာ တွေအထိ ပြန်လုပ် ပေးထားပါတယ်။ နာမည်ကျော် Jay Kay ကတော့ အခုလိုမျိုး ရှေးဟောင်း ရှားပါးကား အတော်များများကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး 1969 Dodge Charger နဲ့ အစိမ်းရောင် တောက်တောက် LaFerrari ကားတို့လည်း ပါဝင်ပါတယ်။ သူ့ရဲ့ ပထမဆုံး သော ကားကတော့ အတော်လေးကို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ကြည့်ကောင်းတဲ့ 1972 BMW 1602 ဖြစ်ခဲ့ပြီး အဆိုပါ ကားကိုလည်း ၂၀၂၀ တုန်းက $ 20,000 နဲ့ လေလံ‌ အောင်နိုင်ခဲ့တာကြောင့် အခု ဇိမ်ခံမာစီးဒီး ကားကြီးလည်း ဘယ်လောက် ပမာဏနဲ့ လေလံအောင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: MotorAuthority