အမေရိကန် နိုင်ငံ ၊ ဖီလာဒယ်းဖီးယာ ရဲ့ ကားဂိုဒေါင် တစ်ခုထဲမှာ နှစ်ပေါင်း ၄၃ နှစ်ကြာ ပိတ်လှောင်ခံထားရတဲ့ 1957 Model BMW 507 Roadster Series II ရှားပါး ကားလေး တစ်စီးကတော့ အခုဆိုရင် Bonhams လေလံပွဲဆီ ရောက်လာနိုင်ပါတော့မယ်။ အဆိုပါ ကားလေး ကိုတော့ လာမယ့် စက်တင်ဘာ ၃၀ မှာ ကျင်းပမယ့် Rhode Island ၊ Newport ဆီက လေလံပွဲတစ်ခုမှာ လေလံတင် ရောင်းချတော့မှာပါ။ Chassis Number 70059 ပေါ်မှာ အခြေခံ ဖန်တီးထားတဲ့ အဆိုပါ ရှားပါး ခေတ်ဟောင်း ကားလေးကတော့ BMW Blog ရဲ့ ဖော်ပြချက် အရ မူလတုန်းက ဗင်နီဇွဲလားမှာ ရှိတဲ့ Caracas ကို ပို့ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာတော့ Montreal ဒေသခံ တစ်ဦးဆီကို ရောင်းချခဲ့ပြီး ၁၉၇၉ ခုနှစ် မှာတော့ အခု လေလံတင်ရောင်းချတော့မယ့် လက်ရှိ ပိုင်ရှင်ရဲ့ အဖေဖြစ်သူ ဆီကို ရောက်လာခဲ့ တာပါ။ မြင်ရခဲတဲ့ ကားလေးလည်း ဖြစ်သလို အဆိုပါ အချိန်ကတည်းက သိမ်းထား ခဲ့တာကြောင့် ရံဖန်ရံခါပဲ စက်နှိုးပေးဖြစ်ပြီး အခုချိန် အထိကိုတော့ မမောင်းဖြစ်တော့ဘူးလို့ သိရပါတယ်။

Photo Credit: MotorAuthority

507 ကားလေးကတော့ မူလ အပြင်အဆင် လေးတွေအတိုင်း ရှိနေသေးပြီး ၁၉၇၀ ခုနှစ် တွေဆီက Pontiac Bright Blue Metallic အပြာ ရောင် တောက်တောက်လေးကို အကောင်းအတိုင်း မြင်နေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် Bonham လေလံပွဲကတော့ ကားက အတော်လေး ကို မူလအရသာတွေ အတိုင်း ဆက်ရှိနေတယ်လို့ ဆိုထားပြီး မှတ်တမ်း အချက်အလက်တွေနဲ့ လိုက်ဖက်တဲ့ အင်ဂျင် ၊ မူလဘီးတွေနဲ့ ဖယ် လို့ရတဲ့ Hardtop အမိုးတို့ကလည်း အကောင်း အတိုင်းပဲလို့ သိရပါတယ်။ BMW အနေနဲ့ အဆိုပါ ကားလေးကို ထုတ်လုပ်ခဲ့တုန်းက အမေရိက ဈေးကွက် အတွက် အဓိက ရည်ရွယ် ဖန်တီးခဲ့တာ ဖြစ်ပြီး အဆိုပါ အချိန်တုန်းက Mercedes-Benz 300 SL ကားတွေနဲ့လည်း အဓိက ခေတ်ပြိုင် ဖြစ်ခဲ့တာပါ။ ခန့်ညားလှပတဲ့ ကိုယ်ထည်ပိုင်းကိုတော့ 3.2 Liter V8 Engine နဲ့ တွဲဖက် ပေးထားတာကြောင့် စွမ်း ဆောင်ရည်ကလည်း 150 hp အထိ ရှိပြီး တကယ်ကို အထင်ကြီးစရာပါပဲ။

Photo Credit: MotorAuthority

အဆိုပါ ကားက အဲ့ဒီ ခေတ်အခါတုန်းက ဆိုရင် အဲဗက်ပရက်‌စလေ တို့လို နာမည်ကျော်တွေအထိ အကြားမှာ ရေပန်းစားခဲ့လို့ ရောင်းအား လည်း ကောင်းခဲ့တဲ့ ကားတစ်မျိုး ဖြစ်ပါတယ်။ အစီးရေကိုလည်း ၂၅၂ စီးပဲ ကန့်သတ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ BMW ရဲ့ အရှားပါးဆုံးသော ခေတ်ဟောင်းကား စာရင်းဝင်နေပါပြီ။ BMW အနေနဲ့ စစ်ပြီး ခေတ်ကာလ အတွင်းမှာ  အခြေကျဖို့ အတော်လေး ရုန်း ကန်နေခဲ့ရတာ ဖြစ်ပြီး အခုလိုမျိုး သီးသန့် ဆန်တဲ့ ဇိမ်ခံကားတွေကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့တဲ့ အပြင် ၁၉၆၀ ခုနှစ် တွေ အရောက်မှာ တော့ ပိုပြီး ဈေးသက်သာတဲ့ Neue Klasse Series တွေကိုပါ ထုတ်လုပ်ပေးလာခဲ့တာ ဖြစ်ပါတယ်။ Bonham လေလံပွဲ ကတော့ အခု ကားလေးကို လက်ရှိ ဒေါ်လာ ၁.၈ သန်း ကနေ ၂.၂ သန်း အကြား အထိ ဈေးရနိုင်မယ်လို့ မျှော်လင့်ထားပြီး အခုလို ရှားပါး 507 ကားတစ်စီးအတွက် ကတော့ ဖြစ်သင့်တဲ့ ဈေးပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက ဆိုရင်တော့ လေလံပွဲတစ်ခု ကနေ ယခင် ဖော်မြူလာဝမ်း ချန်ပီယံ John Surtees ကအဆိုပါ ကား အမျိုးအစား တစ်စီး ကိုပဲ ဒေါ်လာ ၄.၅ သန်း အထိ ဈေးရခဲ့ဖူးပါတယ်။ ဒါ့အပြင် အဆိုပါ 507 ကားတွေရဲ့ ဒီဇိုင်နာ Von Goertz ရဲ့ ယခင် ပိုင်ဆိုင်ခဲ့တဲ့ ကားဆိုရင်လည်း ဒေါ်လာ ၂.၈ သန်း အထိ ရခဲ့တာကြောင့် အခု ကားလေးလည်း ဘယ်လောက် အထိ တန်ဖိုးရနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရတော့မှာပါ။

Ref: MotorAuthority