ကားအဝါကြီးတွေကို ကျောင်းကားကြီးတွေ အနေနဲ့ နိုင်ငံတကာမှာ မြင်ကြပေမယ့်လည်း ကားဝါကြီးတွေ တိုင်းကတော့ ကျောင်းကား မဟုတ်တာ သေချာပါတယ်။ အခုဆိုရင်လည်း နာမည်ကျော် Jay Leno ဆိုသူရဲ့ ထူးထူးခြားခြား ကားကောင်း ကားဟောင်းတွေ စုစည်းရာ ဂိုဒေါင်ကြီးထဲကို ၁၉၃၆ ခုနှစ်ထုတ် White Model 706 အဝါ ရောင် မြို့ပတ်လေ့လာရေး ကားကြီးတစ်စီး ရောက်ရှိလာခဲ့ ပါတယ်။ အဆိုပါ ကားကြီးက တော့ Yellowstone National Park အမျိုးသား ဥယျာဉ်ကြီးထဲမှာ ခရီးသွားတွေကို နေရာစုံ လိုက်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တော့ အလားတူ ကားဟောင်းကြီးတွေကို သေချာပြင်ဆင်ပြီး ဝန်ဆောင်မှုပေး နေတုန်းလည်း ဖြစ်ပြန်ပါတယ်။ ဒါပေမယ့် ခရီးသည် ၁၆ ယောက်ဆံ့ အခု ကားအဝါကြီးကိုတော့ Legacy Classic Trucks ဆိုတဲ့ ကုမ္ပဏီ တည်ထောင်သူ Winslow Bent က ပြုပြင်ပြောင်းလဲ ပေးထားခဲ့တာပါ။ ယခင်တုန်းကတော့ အဆိုပါ ကားကြီးကို ၆ ဘီးတပ် Dodge Power Wagon ကားနဲ့အတူ ဂိုဒေါင်ထဲမှာပဲ ၎င်းကိုယ်တိုင် သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကားကို ထုတ်လုပ်တဲ့ White ကုမ္ပဏီကတော့ ၁၈၅၈ ခုနှစ်ကတည်းက စက်ပစ္စည်းတွေ စတင်ထုတ်လုပ်နေခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန် အိမ်ဖြူတော်အတွက် တရားဝင်သုံးတဲ့ ရေနွေးငွေ့ကားတွေအထိ ဆက်လက်ထုတ်လုပ်နိုင် ခဲ့ပါတယ်။ ဒါ့အပြင် နောက် ပိုင်းမှာလည်း ခရီးသည်တင် ကားတွေကနေ ပိုပြီးကြီးမားတဲ့ ကားကြီးတွေအထိ ဖန်တီးခဲ့ကာ ဒုတိယ ကမ္ဘာစစ် အတွင်း Half Truck တွေကနေ ဘတ်စ်ကားတွေ အထိကို ထုတ်လုပ်ခဲ့ ပါသေးတယ်။

အခု ခေတ်ပေါ် စီးပွားဖြစ် လုပ်ငန်းသုံး ထရပ်ကားတွေလိုပဲ  White ရဲ့ အဆိုပါ ခေတ်က ကားတွေကလည်း Cab နဲ့ Chassis ပိုင်းတွေကိုပဲ အဓိက ထုတ်လုပ်ပြီး ကိုယ်ထည်ပိုင်းကိုတော့ ဆက်လက် ပြင်ဆင်မွမ်းမံ စေတဲ့‌သဘော ဖြစ်ပါတယ်။ အခု ကားအဝါကြီးရဲ့ ကိုယ်ထည်ပိုင်းကို တော့ Duesenberg နဲ့ Hispano-Suiza တို့လို့မျိုး ဇိမ်ခံကား ကိုယ်ထည်တွေ ဖန်တီးပေးခဲ့ဖူးတဲ့ Henri Binder ကိုယ်တိုင်က ပြုလုပ်ပေးထား ခဲ့တာပါ။ ကားမှာတော့ အတော် လေးသိသာတဲ့ Grille ရဲ့ အင်ဂျင်စက်ဖုံး အတော်ကျဉ်းကျဉ်းကို တွေ့ရမှာ ဖြစ်ပြီး အဆိုပါ အပိုင်းတွေကတော့ White ကုမ္ပဏီ ဘက်ကပဲ ဖန်တီး ပေးထားတာပါ။ အင်ဂျင်ပိုင်းမှာ ဆိုရင်တော့ ၃၁၈ ကုဗ လက်မအထိရှည်တဲ့ Inline-6 Engine ကို သုံးထားတာဖြစ်ပြီး  120 hp နဲ့ 250 lb-ft Torque အထိကို ရနိုင်ခဲ့တာပါ။ အဆိုပါ ပမာဏက ကားကြီးတစ်စီးအတွက် နည်းတယ် ဆိုပေမယ့်လည်း တိတ်ဆိတ်ပြီး ညက်ညောတဲ့ အင်ဂျင်ကြောင့် Yellowstone National Park ကြီးထဲမှာ ပြန်သုံးမယ် ဆိုရင်တောင် တောရိုင်းတိရစ္ဆာန်တွေအတွက် အနှောင့်အယှက် မဖြစ်နိုင်မယ့် အနေအထား ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဂီယာပိုင်းကလည်း ကားဆရာတွေ အဖို့ Gear Jammers လို့ အမည်ပေးထားဖူးတဲ့ 4-Speed Manual ဂီယာသာ ရှိထား ပါသေးတယ်။ ဒါပေမယ့် အခု ကားကို ထပ်ပြင်ရမယ် ဆိုရင် အဆိုပါ ဂီယာပိုင်းတင် မကပဲ အရေးပေါ် ရုတ်တရတ် ဘရိတ်ဖမ်းဖို့တွေပါ အလုပ်မဖြစ်နိုင်တဲ့ Four-Wheel Drum Brake တွေကိုပါ လဲလှယ်ရမှာပါ။ အခု ကားကြီးတွေကို အစိုးရ အစီးရေ ၁၅၀ ဝယ်ယူခဲ့ အပြီးမှာတော့ အခုမြင်‌နေရတဲ့ ကားကြီးဟာ ဥယျာဉ်ကြီးထဲက လမ်းအစုံမိုင်ပေါင်း ၆၀၀,၀၀၀ လောက် အထိကို ခရီးနှင်ပေး ခဲ့ရတာပဲ ဖြစ်ပါတယ်။ အံ့ဩစရာကောင်းတာကတော့ အခုလောက် အထိ သုံးပြီးတာကိုပဲ ကောင်းကောင်း ပြန်လည် ပြင်ဆင်ဆန်းသစ်လို့ ရနေသေးတာပါ။ ကားကြီးရဲ့ ကိုယ်ထည်ကတော့ သစ်သားဖြစ်ပြီး အခြားသော အစိတ်အပိုင်းတွေ အကုန်လုံးကတော့ စတီးနဲ့ အလူမီနီယံတွေကိုမျှပြီး သုံးပေးထား ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို ခေတ်ဟောင်း ဘတ်စ်ကား အဝါကြီး အမေရိကန်ရဲ့ နယူးယောက် မြို့ကြီးထဲ ရောက်လာတာကတော့ အမျိုးသားဥယျာဉ်ကြီးလောက် မလိုက်ဖက်နိုင်တာတော့ အမှန်ပါပဲ။

Ref: MotorAuthority