1934 ခုနှစ်ထုတ် McQuay-Norris Streamliner ဆိုတဲ့ ကားကတော့ ကြည့်လိုက်တာနဲ့တင် သူမတူပဲ ထူးခြား ဆန်းပြားလွန်းနေတဲ့ ဒီဇိုင်းကြောင့် သီးသန့်ဆန်လွန်းတဲ့ ကားအဖြစ်မြင်တွေ့ရမှာပါ။ ဒါပေမယ့် ဒီဇိုင်း ကြောင့်တင် မဟုတ်ပဲ 1933 ကနေ 1934 အတွင်းမှာမှ ၆ စီးပဲ ထုတ်လုပ်ခဲ့တာကြောင့် လမ်းမပေါ် တော်ရုံမြင်ရဖို့ ခဲယဉ်း လွန်းလှတဲ့ ကားတစ်စီးလည်း ဖြစ်ပြန်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကား ၆ စီးထဲကမှ ပုံထဲမှာမြင်ရတဲ့ တစ်စီးတည်းသာ ကျန်တော့တာဖြစ်လို့ အတော်လေးကို သီးသန့်ဆန်သွားခဲ့ပါပြီ။ အခု Streamliner ရဲ့ ပိုင်ရှင် ကတော့ Jeff Lane ဆိုသူ ဖြစ်ပါတယ်။ အဆိုပါ ကားအနည်းငယ်ကိုတော့ အမေရိကန် နိုင်ငံ ၊ Missouri ပြည်နယ် ရဲ့ St.Louis မှာရှိတဲ့ McQuay-Norris ကုမ္ပဏီအတွက် စီးပွားဖြစ် ကြော်ငြာတွေဖန်တီးရာမှာ ထုတ်လုပ် ပေးခဲ့ပါ သေးတယ်။ ကုမ္ပဏီကတော့ အဆိုပါ ကားတွေအတွက် Pistons အသစ် တွေ ၊ Rings တွေ ၊ Bearing တွေနဲ့ အခြား သော အစိတ်အပိုင်းတွေကို ပြန်လည်ဖန်တီး ပေးခဲ့ပါသေးတယ်။

Photo Credit: motor 1.com

အခုလို ထူးထူးခြားခြား ကားမှာ ပိုသိသာနေတဲ့ ကားကိုယ်ထည် အတွက်ကတော့ အိုဟိုင်းယိုး ပြည်နယ်မှာ ရှိတဲ့ Hill Auto Body Metal Company Of Cincinnati ဆိုတဲ့ လုပ်ငန်းက ဖန်တီး ပေးထားတာပါ။ အဆို ပါ ကားကိုယ်ထည်ကို စတီးနဲ့ အလူမီနီယံ ပေါင်းကာ သစ်သား Framework ပေါ်မှာ တည်ဆောက် ပေးထားပါတယ်။ ဒါ့အပြင် လေကာမှန် အကွေးတွေ အတွက်ကိုလည်း Plexiglass အမျိုးအစားကို သုံးပေးထားပြီး Chassis ကတော့ Ford အမျိုး အစားဖြစ်ပါတယ်။ စီးပွားဖြစ် ကြော်ငြာ်ဖို့သုံးတဲ့  ကားတွေအများစုကတော့ စမ်းသပ်ပြတဲ့ နမူနာကားတွေ ဖြစ်လေ့ ရှိတာကြောင့် အခုကားမှာ ဆိုရင်လည်း အင်ဂျင်ရဲ့ အစိတ်အပိုင်း မျိုးစုံ အချက်အလက်တွေကို ပြပေးမယ့် Gauge အစုံကို Dashboard မှာ ထည့်ပေးထားတာ တွေ့ရပါတယ်။ အဓိက ကတော့ အဆိုပါ ခေတ်က ကုမ္ပဏီရဲ့ ကားတွေ ဟာ အခြားကားတွေထက် ဘာကြောင့် ပိုကောင်း သလဲ ဆိုတာကို အသားပေး ‌ပြချင်တာဖြစ်ပြီး ထူးခြားချက် တစ်ရပ် တော့ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ယာဉ်မောင်းနေရာက ပုံမှန်ကားတွေထက်စာရင် အတော်လေး အနောက်ရောက်တာဖြစ်ပြီး ထိုင်ခုံအလယ် တန်း နားလောက်အထိကို ရောက်နေတာ ဖြစ်ပါတယ်။ ခရီးသည် ထိုင်လို့ ရမယ့် နောက်ထပ်ထိုင်ခုံ ၂ ခုံ နဲ့ အတူပစ္စည်းတွေ တင်လို့ရမယ့် နေရာလည်း ကားအနောက်ဘက်မှာ ပါလာပါသေးတယ်။

ကားကို Ford Chassis ပေါ်မှာ ဖန်တီးပေးထားတာကြောင့် အင်ဂျင်ကိုလည်း 3.6 Liter Ford Flathead V8 Engine ကို သုံးထားတာတွေ့ရပြီး 85 hp အထိ စွမ်းဆောင် နိုင်ပါတယ်။ ဂီယာကတော့ 3-Speed Manual Gear ကို တပ်ဆင် ပေးထားကာ အမြင့်ဆုံး မြန်နှုန်းအနေနဲ့ကတော့ တစ်နာရီကို မိုင် ၈၀ အထိ ရှိတယ်လို့ သိရပါတယ်။ အခု လို တစ်စီးတည်းပဲ ကျန်တော့တဲ့ အဆိုပါ ထူးခြားကားကိုတော့ ပိုင်ရှင် Jeff Lane ကိုယ်တိုင် ၂၀၀၂ ကတည်းက ဖန်တီးခဲ့တဲ့ ၂၀၀၃ မှာ အများပြည်သူ လေ့လာနိုင်တဲ့ ပြတိုက်ဖြစ်လာတဲ့ Lane Motor Museum မှာ ပြသထား ပါတယ်။ အဆိုပါ ပြတိုက်မှာတော့ အခုကားအပြင် ၎င်းစုဆောင်း ထားတဲ့ နောက်ထပ် ကားပေါင်းများစွာကိုလည်း ပြသထားသေးတာ ဖြစ်ပါတယ်။ Lane ကတော့ သူ့အနေနဲ့ ကားပေါင်းစုံကို အသက် ၂၀ ကျော် လောက်ကတည်းက စတင် စုဆောင်းလာခဲ့တာဖြစ်ပြီး အခုအချိန်အထိ ကို ပုံမှန်နဲ့မတူ တစ်မူထူးခြားလွန်းတဲ့ ကားတွေကို ပိုမိုရှာဖွေ စုဆောင်းနေဆဲ ဖြစ်ပါတယ်။

Ref: motor 1.com