လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ၊ ဂျနီဗာ ကားပြပွဲကြီးထဲမှာ နယ်သာလန် အခြေစိုက် ကားကုမ္ပဏီ ကနေ ဒေါ်လာ သန်းနဲ့ချီတန်တဲ့ TSR-S ဆိုတဲ့ ကားတစ်စီးကို ချပြခဲ့ဖူးပါတယ်။ အဆိုပါ ကားကတစ်နာရီ ၆၂ မိုင် နှုန်းအရှိန်တင် မောင်းနှင်ဖို့ အတွက် ၂.၈ စက္ကန့်ပဲ အချိန်ယူရတာ စ်ပြီး ကားကို ဖန်တီးခဲ့တာကတော့ Zenvo ဆိုတဲ့ ကုမ္ပဏီပါပဲ။ အခုဆိုရင် အဆိုပါ ကားသတင်းကို လာမယ့်နှစ် မှာ ခေါင်းကြီးပိုင်းသတင်းတွေ အနေနဲ့ ပြန်မြင်ရဖို့ နီးစပ်လာခဲ့ပြန်ပါပြီ။ Top Gear ရဲ့အတည်ပြုချက် အရ V 12 Engine ကြီး တပ်ဆင် ထားမယ့် အဆိုပါ Zenvo Hypercar အသစ်ကို ဖန်တီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ဥက္ကဌ နဲ့ CEO ဖြစ်သူ Jens Sverdrup ကပါ အခုသတင်းကို အတည်ပြု ပေးခဲ့တာဖြစ်ပြီး ကားဒီဇိုင်းကို လျှို့ဝှက်ထားဆဲဆိုပေမယ့် အကြိုမြင်နိုင်ဖို့တော့ နမူနာတစ်ချို့ ချပြလာမှာဖြစ်ကာ တရားဝင် မိတ်ဆက်တာကိုတော့ လာမယ့် ၂၀၂၃ မှာပြုလုပ်လာဖို့ ရှိနေပါပြီ။

Photo Credit: motor 1.com

ဒါပေမယ့် အဆိုပါ ဟိုက်ပါကားအသစ်ရဲ့ အသေးစိတ် အချက်အလက် တစ်ချို့ကိုတော့ CEO က မကွယ်မဝှက်ပဲ ပြောကြားထား ပါတယ်။ သူ့ရဲ့ ပြောကြားချက်တွေအရ ဆိုရင်တော့ အဆိုပါ ဟိုက်ပါကားအသစ်မှာ Brand-New Modular ကာဗွန်ဖိုက်ဘာ Chassis ကို Gearbox အသစ်နဲ့ တွဲသုံးလာနိုင်ပါတယ်။ ဒါ့အပြင် V 12 အင်ဂျင်အသစ်နဲ့ လျှပ်စစ်စွမ်းအင် ပေါင်းစပ်ထားမယ့် ကားလည်း ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဒီဇိုင်းတွေနဲ့ အသေးစိတ် အစိတ်အပိုင်းတွေ အကုန်လုံးကိုတော့ ကုမ္ပဏီမှာပဲ တပ်ဆင် ထုတ်လုပ်သွားမှာပါ။ ယခင် Supercharged Zenvo TSR-S ကားတုန်းကနဲ့ မတူတာကတော့ လျှပ်စစ်စွမ်းအင်သုံး Turbocharger ၂ မျိုး ပါဝင်လာမှာဖြစ်ပြီး V 12 Engine ပါ ပေါင်းလိုက်တာကြောင့် စွမ်းဆောင်ရည်ကလည်း 1,200 hp အထိကို ထိုးတက်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမှာတင် ရပ်တန့်မနေသေးပဲ လျှပ်စစ် မော်တာ နောက်တစ်လုံးကြောင့် 1,800 hp အထိ ကိုရောက်သွားနိုင်ပါသေးတယ်။

Photo Credit: motor 1.com

CEO Sverdrup ကတော့ အခု ကားအသစ်အတွက် Version ၂ မျိုး စီစဉ်ထားမယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပြီး တစ်မျိုး ကတော့ Hybrid GT ဖြစ်လာနိုင်ပါတယ်။ အဆိုပါ ကားမှာဆိုရင် လျှပ်စစ် မော်တာကို အရှေ့ဘက် ဝင်ရိုးမှာတပ်ဆင်ကာ All- Wheel Drive နဲ့ပါ မောင်းနှင်လို့ ရလာနိုင်မှာပါ။ ဒါပေမယ့် အတည်ပြုဖို့ လိုအပ်ဦးမှာ ဖြစ်ပြီး ကားနောက်တစ်မျိုး ကတော့ ပြိုင်ပွဲ ဝင်ပြေးလမ်း အတွက်ရော ၊ သာမန်လမ်း‌မ တွေအထက်သွားဖို့ အတွက်ပါ အဆင်ပြေမယ့် ကားဖြစ်လာ နိုင်ပါတယ်။ အဆိုပါ ကား တွေကိုတော့ ၂,၇၅၆ ပေါင် လောက် အလေးချိန် ပမာဏနဲ့ ထုတ်လုပ်လာလိမ့်မယ် လို့လည်း ခန့်မှန်းထားကြပါတယ်။ ဈေးနှုန်း ကတော့ လက်ရှိ မှာ မသိနိုင်သေးတာ မှန်ပေမယ့်ကုမ္ပဏီ က ယခင် ထုတ်လုပ်ခဲ့တဲ့ ကားတွေ နဲ့ ယှဉ်ကြည့်ကာ ခန့်မှန်းလို့တော့ ရနိုင်ပါသေးတယ်။ ကုမ္ပဏီကနေ ယခင် ထုတ်လုပ်ခဲ့တဲ့  Zenvo TS1 GT ကားတောင်မှ ဒေါ်လာ ၁.၂ သန်းအထိ တန်ကြေး ရှိခဲ့တာကြောင့် အခု ကားလည်း ဒီထက်တော့ တန်ဖိုး မနိမ့်နိုင်ဘူးလို့ ယူဆရပါတယ်။

Ref: motor 1.com