မျိုးဆက် ၅ ခု လောက်အထိ ရောက်လာခဲ့ အပြီးမှာတော့ Cadillac Escalade ကားကြီးကတော့ နောက်ဆုံး မှာ စွမ်းဆောင်ရည် ပိုအသားပေး SUV ကားကောင်းကြီး တစ်စီးဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် အခုဆိုရင်တော့ ပိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ အင်ဂျင် အကြီးစားကြီးနဲ့ Sport အရသစ် ကားသစ်တစ်မျိုးကိုပါ ထုတ်လုပ်ပေး လာနိုင်ဖို့ ပြင်ဆင်နေပြန်ပါတယ်။ Escalade Product Manager ဖြစ်သူ David Schiavone ကတော့ 16-Cylinder Engine သုံးထားမယ့် Escalade ကားသစ်ကို ထုတ်လုပ်ပေးဖို့ ပြင်ဆင် နေတယ်လို့ ဆိုထားပြီး အသေးစိတ်ကို မပြောပြထား သေးပေမယ့်လည်း ပြင်ဆင်မှုအပိုင်းတွေတော့ တိုးတက်လာတဲ့ သဘောမှာ ရှိပါတယ်။ ဒါပေမယ့် ဘယ် 16 Cylinder Engine ကို သုံးမလဲဆိုတာတော့ မသေချာသေးပေမယ့် တစ်ခု ဖြစ်နိုင်တာကတော့ 13.6 Liter V16 Engine ဖြစ်နိုင်ပါတယ်။ အဆိုပါ အင်ဂျင်ကိုတော့ ၂၀၀၃ Sixteen Concept ဆိုတဲ့ နမူနာ ကားတစ်စီးမှာ မြင်ခဲ့ရဖူးတာ ဖြစ်ပြီး 1,000 hp အထိ ရှိတယ်လို့တော့ ဆိုခဲ့ဖူးပါ တယ်။

Photo Credit: motor 1.com

တကယ်တော့ V16 Engine ကားတွေကို ၁၉၃၀ ဝန်းကျင် လောက်တုန်းက ကိုယ်ထည်ပုံစံ အမျိုးမျိုးနဲ့ Cadillac တို့ ဖန်တီး ပေးခဲ့ဖူး ပါသေးတယ်။ Schiavone ကတော့ 16-Cylinder Escalade ကားဆိုတာ ယခင်ထုတ်ခဲ့ဖူးတဲ့ အချိန် တစ်ခုကြောင့် အမှတ်တရအနေနဲ့ပဲ ပြန်ထုတ်တာမျိုးတော့ မဖြစ်နိုင်ပါဘူးလို့ အရိပ်အမြွက် ဆိုထားပါတယ်။ 2023 Escalade V ကားမှာတုန်းကတော့ 6.2 Liter Supercharged V8 engine ကို သုံးထားခဲ့ပြီး 682 hp နဲ့ 653 lb-ft Torque အထိ စွမ်းဆောင် ထားနိုင်ခဲ့တာပါ။ 10-Speed Automatic Transmission ဂီယာကို သုံးထားပြီး All-Wheel Drive စနစ်နဲ့လည်း ပေါင်းစပ်ထားတာ ကြောင့် SUV အနေနဲ့ တစ်နာရီ မိုင် ၆၀ ရောက်ဖို့ဆိုရင် ၄.၄ စက္ကန့် အောက်ပဲ အချိန်ယူရမှာပါ။ ကားရဲ့ အမြင့်ဆုံး မြန်နှုန်းကတော့ တစ်နာရီကို ၁၂၄ မိုင် အထိရှိနေမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ကားသစ်မှာတော့ Air Suspension စနစ်ကိုလည်း သုံးထားပြီး Magnetic Ride Control 4.0 နည်း ပညာ ကိုလည်း ထည့်ပေးထားပါသေးတယ်။ Sport Mode လည်း မောင်းလို့ရသေးပြီး ကားကို အနည်းငယ် တောင် နှိမ့်ပေးလို့ ရသေးတဲ့ Mode ဖြစ်ပါတယ်။ အရှေ့ဘက် ဝင်ရိုးမှာလည်း Six-Piston Brembo Brake တွေကို တပ်ဆင်ပေးထားတာကြောင့် ကားကြီး တစ်စီးလုံးကို ထိန်းချုပ်ဖို့ လုံလောက်ပါတယ်။ အတွင်းခန်း ကတော့ ထုံးစံအတိုင်း ဇိမ်ခံ အရသာတွေနဲ့ ပြည့်နှက်နေပြီး Semi-Aniline လယ်သာတွေကို ထိုင်ခုံတွေမှာ တပ်ဆင်ထားပြီး Cabin ပိုင်းမှာလည်း Wood Trim တွေပါ ထည့်ပေးထားပါတယ်။ AR ပုံရိပ် ယောင်လမ်း ညွှန် စနစ်ကို Standard အနေနဲ့ထည့်ပေးထားပြီး Super Cruise ဆိုတဲ့ အဆင့်မြင့် ယာဉ်မောင်းအကူ စနစ် ကိုတော့ ရွေးချယ်စရာ တစ်ရပ်အနေနဲ့ ရနိုင်မှာပါ။ Escalade-V ကားရဲ့ ဈေးကတော့ $ 149,990 ကျသင့် ပြီး Sport Model ကိုတော့ ပိုပြီးရှည်တဲ့ ESV Model အနေနဲ့ရနိုင်မှာ ဖြစ်ကာ ဈေးကတော့ $ 152,990 ကျသင့်မှာပါ။

Ref: motor 1.com