Truck ကားတွေ ထဲမှာမှ လမ်းကြမ်း‌လည်း မောင်းလို့ အတော်ကောင်းရမယ် ၊ စွမ်းဆောင်ရည်ကလည်း မြင့်ရမယ် ဆိုရင်တော့ 450 hp အထိရှိတဲ့ 3.5 Liter V6 Engine ပါ F-150 Raptor ကတော့ အကြမ်းဆုံး ကားတစ်စီး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိဈေးကွက်ထဲက $ 65,000 ကျော် Ford F-150 Raptor ကို အားမရသေးဘူး ဆိုရင်လည်း အခုဖော်ပြပေးမယ့် ကားကတော့ သေချာပေါက် အဖြေသစ်တစ်ခု ပေးလာနိုင်မှာ သေချာပါတယ်။ အခု ကားရဲ့ ဈေးနှုန်းကတော့ Raptor အသစ် နဲ့ အတူတူလောက်ပဲဖြစ်ပြီး Gateway Classic Cars ဆိုတဲ့ ကုမ္ပဏီကနေ Tuning ပြန်လုပ် ပေးထားတဲ့ Chevrolet Silverado ကား တစ်စီးပါပဲ။ ဒါပေမယ့် နယ်နယ်ရရ ကားတစ်စီးတော့ မဟုတ်တော့ပဲ ကားကို အပြင်ပိုင်းကနေ ကြည့်လိုက် တာနဲ့တင် ပုံမှန်ကနေ လုံးဝကွဲထွက်နေတဲ့ ကားအရှည်ကြီး ပုံစံ ကို မြင်ရမှာပါ။ ဒါကြောင့် ကားရဲ့ အင်ဂျင် ပိုင်းကလည်း သာမန်ထက်တော့ ထူးနေမယ်ဆိုတာ ပြောစရာတောင် မလို လောက်တော့ပါဘူး။ အဆိုပါ ကားမှာ ပြန်လည် သုံးထားတဲ့အင်ဂျင်ကတော့ 8.7 Liter Cadillac V 8 Engine ဖြစ်ပြီး မယုံနိုင်လောက် စရာ စွမ်းဆောင်ရည် ဖြစ်တဲ့ 1,425 hp နဲ့ 1,671 lb-ft Torque အထိကို ရှိနေတာ ဖြစ်ပါတယ်။ ဒါတင် မက သေးပဲ Turbocharger ခပ်ကြီးကြီး နှစ်ခုတောင် ထပ်ထည့်ပေးထားသေးတာဖြစ်ပြီး Five-Speed Allison Automatic Transmission စနစ်နဲ့ပါ ပေါင်းစပ်ပေးလိုက် ချိန်မှာတောင် အံ့အားသင့်စရာ ကားကြီး တစ်စီး ဖြစ်သွားပါ တော့တယ်။

Photo Credit: CARBUZZ

ကားရဲ့ ပုံစံကို ကြည့်မယ် ဆိုရင်တော့ထူးခြားတာက အရှေ့ဘက်မှာ သာမန် Silverado ရဲ့မျက်နှာနဲ့ မဟုတ် တော့ပဲ Cadillac ရဲ့ အင်ဂျင်ကို ယူသုံးထားတာကို အမှတ်ရစေဖို့ Cadillac ကားတွေရဲ့ မျက်နှာစာ ပိုင်း ကို ပြောင်းလဲ တပ်ဆင်ထားတာ တွေ့ရမှာပါ။ အထူးသဖြင့်တော့ Cadillac Escalade ရဲ့ ဒုတိယ မြောက် မျိုးဆက် မျက်နှာစာပိုင်း ကို တပ်ဆင် ထားတာပါ။ ယခင်က အနီနဲ့ အနက် နှစ်ရောင်စပ် ကိုမှ အခု ပြန်လည် ဆန်းသစ်ထားတဲ့ ကားမှာ တော့အနက်ရောင် နဲ့ ပြန်လည် ခြယ်သထားပြီး Truckin’ Magazine ရဲ့ မျက်နှာ ဖုံးမှာတောင် ဖော်ပြခဲ့ရတဲ့ ကားကောင်း တစ်စီး ဖြစ်ပါတယ်။ ဘီးတွေကတော့ ဒီကားရဲ့ နောက်ထပ် ထူးခြား ချက် ဖြစ်ပြီး ၂၂ လက်မအရွယ် Brentz ဘီးတွေ ကို သုံးထားကာ ကားရဲ့ချဲ့ထွင်ထားတဲ့ အကျယ်ကို ကောင်း ကောင်း ခံနိုင်ရည်ရှိစေဖို့ အနောက်ဘက်မှာ ဘီးတွေပိုထည့်ပေးထားပါတယ်။ ဝင်ရိုး ၃ ချောင်းအဖြစ် ပြောင်း လဲ ပေးထားပြီး ချိန်ညှိလို့ရတဲ့ လေအိတ်တွေနဲ့ ထိန်းပေးထားတာကြောင့် တကယ်ကို စီးနင်းလို့ ကောင်းတဲ့ ဆယ်ဘီးပါ ကားကြီး တစ်စီး ဖြစ်သွား ပါတော့တယ်။ မူလ Silverado ရဲ့ ကားရဲ့ လက်ရာ တစ်ချို့ကို ထိန်း သိမ်းထားသေးပေမယ့်လည်း တစ်ချို့ကိုလည်း တော်တော်လေး ပြန်လည်ပြင်ဆင် ခြယ်သထားပါတယ်။ ထိုင်ခုံတွေနဲ့ တံခါး လက်တန်းတွေမှာ ဆိုရင် Cream  အရောင် နုနုလေးတွေနဲ့ ခြယ် သထားသလို အသံ စနစ် ကိုလည်း တံခါး တစ်ချပ်စီမှာ အနည်းဆုံး စပီကာ ၂ လုံးနဲ့ အတူ အသစ်ပြန်လည် ပြောင်းလဲ ပေးထားပါ သေးတယ်။ ကားရဲ့ အလယ် Console မှာ ဆိုရင်တော့  မူလအစ ကားက ရေဒီယိုအစား ပိုခေတ်မှီတဲ့ ၊ Navigation Screen ကို ထည့်ပေး ထားတာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

ကားရဲ့ အတွင်းခန်းအကြောင်း ဆက်ပြောရမယ် ဆိုရင်တော့မူလ အစကနဲ့ ဘာမှ မဆိုင်လောက်အောင် ကောင်းမွန် သွား ခဲ့ပြီ ဖြစ်ပြီး ဒီကားရဲ့ နောက်ထပ် ပိုင်ရှင်သစ် အနေနဲ့ ဆိုရင်တောင် မကြာသေးမီကမှ မြင် ထားခဲ့ ရတဲ့ Bentley Pickup အတိုင်း ထပ်ပြင်ဖို့ ကောင်းပါသေးတယ်။ အဆိုပါ ပြင်ဆင်မှုကနေ ရလာတဲ့ ကားရဲ့ စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်တွေကိုတော့ ချပြထားခြင်း မရှိသေးပေမယ့်လည်း မူလကားနဲ့တော့ ဘာမှ မဆိုင်တော့မယ့် စွမ်းဆောင်ရည်ဆိုတာ သေချာပါတယ်။ တကယ်လို့ ဒီလောက်ကြီး ကြမ်းတဲ့ ကားတစ်စီးကို မလိုချင်ဘူးဆိုရင် တောင်မှ မူလ Silverado ရဲ့ စွမ်းဆောင်ရည်တွေက အခု အချိန် အထိ ကောင်းမြဲ ကောင်းဆဲမို့ ကြိုက်ရာကို ရွေးလို့ ရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ ဒီဈေးနဲ့ ဒီလို ပြင်ဆင်ထားတဲ့ ၁၀ ဘီးပါ ကားကြီးကတော့ တကယ်ကို အလန်းစားကြီးဆိုတာ လက်ခံရမှာ ပါ။

Ref: carbuzz.com