XPeng ဆိုတာကတော့ တရုတ်နိုင်ငံ ဂေါင်ဇူးမြို့မှာ အခြေစိုက်တဲ့ လျှပ်စစ် ကားထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်ပြီး လွန်ခဲ့တဲ့ ၈ နှစ် ကတည်း စတင်ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တရုတ်ကားဈေးကွက် ထဲက ကုမ္ပဏီတွေထဲ အလျှင်မြန်ဆုံး တိုးတက်လာတဲ့ လုပ်ငန်းတစ်ရပ်အဖြစ် ရှိနေပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကား အမျိုးအစားက အနည်းငယ်ပဲ ရှိသေးပြီး လျှပ်စစ်ကားကတော့ ၄ မျိုး ပါဝင်ပါတယ်။ အဆိုပါ ကားတွေထဲကမှ Range အမြင့်ဆုံး အမျိုးအစားကတော့ အကောင်းဆုံးလို့ ဆိုလို့ရမယ့် လျှပ်စစ်ဇိမ်ခံ SUV တစ်စီးပါပဲ။ XPeng G9 လို့ အမည် ရတဲ့ အဆိုပါ ကားရဲ့ တရားဝင်ပုံရိပ်တွေကို Wheelboy ဆိုတဲ့ YouTube Channel တစ်ခုကနေ စတင်မြင်တွေ့လာ ရပြီဖြစ်ပါတယ်။
၁၀ မိနစ် စာလောက် ရှိတဲ့ အဆိုပါကားအကြောင်း Video လေးထဲမှာတော့ G9 ကို မောင်းပြထားတာတွေ့ရမှာပါ။ ကားကိုတော့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် SiC Dedicated EV Platform ပေါ်မှာ ဖန်တီးတည်ဆောက်ထား ပြီး 800-V Architecture လည်း ဖြစ်ပြန်တာကြောင့် အားပြန်သွင်းရတာလည်း မြန်ဆန်နေမှာ ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ကိုယ်ပိုင် X-Power Supercharger တွေကိုလည်း ထုတ်လုပ်တပ်ဆင်ဦးမှာဖြစ်ပြီး အဆိုပါ Charger တွေနဲ့ ဆိုရင်တော့ G9 ကားကို ၅ မိနစ် အားသွင်းရုံနဲ့တင် ၁၂၄ မိုင် လောက်အထိ မောင်းနှင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ဖို့ ရှိပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း အချက်အလက်တွေ အရတော့ ကားဟာ နာမည်ကျော် Porsche Cayenne SUV ကားကို တောင် ထိပ်တိုက်ယှဉ်နိုင်ဖို့ ရှိတယ်လို့လည်း ကုမ္ပဏီ ဘက်ကဆိုထားပါတယ်။
လက်ရှိမှာတော့ အဆိုပါ ကားကို တရုတ်ဈေးကွက်ထဲမှာ ရွေးချယ်စရာ မော်တာ ၂ မျိုးနဲ့ ရရှိနိုင်နေပါပြီ။ Base Model မှာတော့ 310 hp အထိ စွမ်းဆောင်နိုင်မယ့် လျှပ်စစ်မော်တာ တစ်လုံးပဲ ပါဝင်ပြီး ပိုဈေးကြီးမယ့် လျှပ်စစ်မော်တာ ၂ လုံးတပ် အမျိုးအစားဆိုရင်တော့ 543 hp အထိ စွမ်းဆောင်နိုင်မှာပါ။ ဒါပေမယ့် ကား ၂ မျိုးလုံးကတော့ 98 kWh Battery ကို အတူတူပဲ တပ်ဆင်ပေးထားပြီး တရုတ်ရဲ့ CLTC စနစ်အရ တိုင်းတာ မယ် ဆိုရင်တော့ တစ်ခါ အားသွင်းထားရုံ နဲ့ ၄၀၄ မိုင် လောက်အထိ မောင်းနှင်နိုင်ဖို့ ရှိပါတယ်။ ဈေးနှုန်းတွေကတော့ လက်ရှိ ငွေဈေးအရဆိုရင် အမေရိကန် ဒေါ်လာ ၅၉,၀၀၀ လောက်အထိ ရှိနိုင်ပါတယ်။
Ref: motor 1.com
