Tesla Semi Truck ကားသစ် တွေကတော့ ဈေးကွက်ထဲ ပို့ဆောင်ပြီး ၄ လ လောက် အကြာမှာတင် ပြန်လည်သိမ်းဆည်းရတဲ့ ပြဿနာကို ပထမဆုံး ကြုံတွေ့ လိုက်ရပါပြီ။ အခု 2023 Semi ကားသစ်တွေမှာ Electronic Parking Brake Valve Module (PVM) လို့ ခေါ်တဲ့ ဘရိတ်စနစ် ချို့ယွင်းနေတာ ဖြစ်တယ်လို့ လည်း သိရပါတယ်။ အဆိုပါ စနစ် ချို့ယွင်းတာကြောင့် ကားကို ပါကင်ထိုးထားတဲ့ အချိန်မှာ P မှာ ထားထား ပေမယ့်လည်း ကားက လိမ့်သွားနိုင်တာကြောင့် ယာဉ်မတော် တဆမှုတွေ ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။
NHTSA ရဲ့ တရားဝင် ဖော်ပြချက် အရတော့ အခုကားသစ် ပေါင်း ၃၅ စီး လောက်ကို ပြန်လည်သိမ်းဆည်း ရမှာဖြစ်ပြီး အထူးသဖြင့် နိုဝင်ဘာ ၃၀ ရက် ၂၀၂၂ ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် အတွင်း ထုတ်လုပ် ထားတဲ့ ကားတွေ ဖြစ်ကြပါတယ်။ ပြန်လည် သိမ်းဆည်း ခံရမယ့် ကား တွေကိုတော့ ကုမ္ပဏီက စက်ရုံထုတ် Record နံပါတ်တွေအရ တွက်ချက် အတည်ပြု ပေးထားတာပါ။ အခု ကားသစ်တွေကို ပြန်လည် ပြင်ဆင် ပေးမယ့် အပိုင်းမှာတော့ Intellipark Valve Module ဆိုတဲ့ ပစ္စည်းကို အခမဲ့ ပြန်လည်ထည့်သွင်းကာ ပြုပြင် ပေးပါလိမ့်မယ်။ အဓိကကတော့ Tesla ရဲ့ ကား Recalls အတော်များများမှာ ဖြေရှင်း ခဲ့သလိုမျိုး OTA Software Update တွေနဲ့ ဖြေရှင်းလို့ မရတာကြောင့် အခုလိုကားတွေကိုပါ ပြန်သိမ်းရတဲ့အဆင့် ရောက် ခဲ့တာပါ။
အဆိုပါ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တဲ့ ဘရိတ်တွေ ကိုတော့ Bendix Commercial Vehicle စနစ်ကနေ ထုတ်လုပ် ပေးခဲ့တာဖြစ်ပြီး အတွင်းပိုင်း လေစိမ့်ဝင်မှု ပြဿနာတစ်ချို့ ရှိခဲ့ပုံ ရတယ်လို့လည်း ယူဆထားပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ ယာဉ်မောင်းက ကားရဲ့ ပါကင်ဘရိတ် ထိုးထားတဲ့ နေရာမှာ Valve Module က မလုံဖြစ်ပြီး ချို့ယွင်းတာမျိုး ဖြစ်ပါတယ်။ အခုတစ်ခေါက် ပြန်လည် အစားထိုးပေးမယ့် ပစ္စည်းအသစ်မှာ တော့ လေယိုစိမ့်တာကိုပါ ကာကွယ်ပေးမယ့် ပစ္စည်းလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ မှာ ထုတ်လုပ်ထားပြီး မှာယူထားသူတွေထံ မပို့ဆောင်ရသေးတဲ့ ကားသစ် တွေကိုလည်း အခုအပိုင်းကို စစ်ဆေးပြီး တစ်ပါတည်း ပြင်ဆင်ပေးလိုက်မှာပါ။ လက်ရှိ အချိန်အထိမှာတော့ Tesla Semi မှာယူထား သူတွေထဲ လက်ဝယ် ရောက်ရှိထားသူက PepsiCo ကုမ္ပဏီပဲ ရှိသေးတာပဲ ဖြစ်လို့ အချိန်မှီ သေးတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
Ref: InsideEvs
