တစ်ကမ္ဘာလုံး ဈေးကွက် အတိုင်းအတာအနေနဲ့ အစီးရေ ၆၀၀,၀၀၀ လောက် နှစ်စဉ်ရောင်းချ နေရတဲ့ Toyota Camry Model ဆိုတာကတော့ ပိုပိုပြီး နာမည် ကျော်နေဆဲ ကားတစ်စီးပါ။ အဆိုပါရောင်းအားတွေရဲ့ တစ်ဝက် နီးပါးလောက်က အမေရိက ကားဈေးကွက်ထဲက ဖြစ်တာကြောင့် အရွယ်အစား အလယ်အ လတ်ရှိ ကားဈေးကွက် အတွက်တော့ တကယ့်ကို အားရစရာ မော်ဒယ်တစ်မျိုးပါပဲ။ ဒါပေမယ့် တစ်ကမ္ဘာလုံး ရောင်းအားရဲ့ ၁ ရာခိုင်နှုန်းလောက် မှီဖို့ကိုတောင် အနိုင်နိုင်ဖြစ်နေရတဲ့ Camry ရဲ့ ဂျပန်ဈေးကွက် အခြေအနေ ကတော့ အခုချိန်မှာ အဆုံးသတ် ခဲ့ရပြီပဲ ဖြစ်ပါတယ်။ အခြားသော ဈေးကွက်တွေလိုပဲ SUV ကားတွေ နဲ့ Crossover တွေကို ပိုရှာဖွေလာကြတဲ့ ဂျပန် ဈေးကွက်ထဲက ဝယ်ယူသူတွေအဖို့လည်း ဒီကား လေးက ရွေးချယ်စရာ တစ်ရပ် မဖြစ်လာတော့တာ ပါ။ ဒါကြောင့်လည်း မနှစ်ကတည်းက ရောင်းအားကျလို့ ရပ်လိုက်ရတဲ့ Honda Legend နဲ့ Nissan Fuga တို့နဲ့အတူ Nissan Camry လေးလည်း လိုက်ခဲ့ရ ပါပြီ။ ဒါပေမယ့်လည်း နာမည်ကျော် ရောင်းအားကောင်းနေဆဲ အခြားသော ဈေးကွက် ၁၀၀ ကျော်မှာတော့ Camry တို့ ဆက်လက် ရှင်သန် နေပါဦးမယ်။
၁၉၈၀ ခုနှစ်ကတည်းက စတင်လာခဲ့တဲ့ အဆိုပါ ကားမော်ဒယ်ကတော့ 2022 Model Year အရောက် မှာ ကမ္ဘာ တစ်ဝန်း အစီးရေ သန်းပေါင်း ၂၁ သန်း ကျော် ကို ထုတ်လုပ် ပေးနိုင်ခဲ့ ပြီးတာလည်း ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် Camry စတင် ခြေဆန့်ခဲ့တဲ့ အမေရိက ဈေးကွက်ကတော့ အခုချိန်အထိကို ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး အစီးရေ ၁၃ သန်းခန့် အထိကို ရောင်းခဲ့ရတာပါ။ ၁၉၉၂ ခုနှစ်မှာ လုံးဝ ပြောင်းလဲလိုက်တဲ့ ဒီဇိုင်းအသစ်ကြောင့်ပဲ ကားက ရောင်းအား ပိုကောင်းလာခဲ့သလို အမေရိက နံပါတ်တစ် ဖြစ်ခဲ့တဲ့ Ford Taurus ကားကိုတောင် ကျော်တက် ပြခဲ့တာပါ။ အဆိုပါ ကာလကတည်းက Camry ဟာ အမေရိကရဲ့ ထိပ်တန်းရောင်းအားနဲ့ ကားဖြစ်ခဲ့ပြီး ၂၀၀၂ ကနေ ၂၀၁၆ အထိ ၁၅ နှစ်ဆက်တိုက်ကိုလည်း နံပါတ်တစ် နေရာကနေပဲ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ အရောက်မှာတော့ Crown လို့ ဂျပန်မှာ လူသိများတဲ့ Camry ကားလေးဟာ Toyota ကနေပဲ RAV4 ကားရဲ့ ကျော်တက်ခြင်းကို ပြန်ခံလိုက်ရပြီး အမေရိကရဲ့ နံပါတ်တစ်ကား ဆိုတဲ့ နေရာကနေ ပြန်လည် ဖယ်ပေးလိုက် ရပြန်ပါတယ်။ အခုဆိုရင်တော့ တစ်ခြားသော ဈေးကွက်တွေ ဆီမှာလည်း SUV တွေ ဘက်ကို ခြေဦးလှည့် နေကြတာကြောင့် Camry လည်း ရောင်းအားက အရင်လောက်တော့ မထောင်တက်နိုင် တော့တာပါ။ ဘာပဲပြောပြော Camry နဲ့အတူ အနည်းငယ် ပိုသေးတဲ့ Corolla Model တွေက Toyota ရဲ့ အရေးကြီး အစိတ်အပိုင်းတွေအဖြစ် ဆက်ရှိနေပြီး အခုချိန်အထိကိုလည်း အာရှရဲ့ ရောင်းအား ကောင်း ကားတွေအဖြစ် ရှိနေဆဲပါပဲ။ လက်ရှိ Camry Model ကတော့ ၂၀၁၇ ကတည်းက ဖြစ်ပြီး ဒီဇိုင်းနဲ့ အခြားသော အရာတွေ အတော်များများ ကတော့ ဂျပန် ဈေးကွက်ထဲက Crown နဲ့ အတော်လေး ဆင်တူပါသေးတယ်။ ဒါ့အပြင် ၂၀၂၂ မှာပဲ ဆက်လက် မထုတ်လုပ် ဖြစ်တော့တဲ့ Toyota Avalon ကားနဲ့လည်း Platform ပိုင်း ၊ Demographic ပိုင်းတွေ တူညီလို့ နေသေးတာပါ။ Toyota အနေနဲ့ မျိုးဆက်သစ် Camry ကားသစ်ကိုတော့ လာမယ့် ၂၀၂၄ အရောက်မှာ ချပြလာလိမ့်မယ်လို့ ဆိုထားဖူးတာကြောင့် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
Ref: motor 1.com
