အမေရိကန် နိုင်ငံ ၊ အရီဇိုးနား ပြည်နယ် ၊ Phoenix မှာတော့ ကားတစ်စီးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတဲ့ ရဲကား တွေက Grappler Police Bumper လို့ခေါ်တဲ့ လှမ်းပြီးဖမ်းဆွဲထားနိုင်တဲ့ ကိရိယာတစ်မျိုးကို သုံးခဲ့ကြ တယ်လို့ သိရပါတယ်။ ရဲကားကြီး ၃ စီး က အဆိုပါ တရားခံကားကို ဝိုင်းဝန်းဖမ်းဆီး ခဲ့ကြရမှာ ရဲကားတစ်စီး က အနောက်ကနေ အဆိုပါ Grappler အသုံးပြုပြီး ဖမ်းဆွဲ ထားနိုင်ခဲ့တာပါ။ အဆိုပါ နည်းပညာနဲ့ ဖမ်းဆီးခဲ့ တဲ့ Video တစ်ခုကိုတော့ ဒေသခံ Fox News ဆီကနေ Twitter ပေါ်မှာ ပြန်လည်တင်လာခဲ့တာကို တွေ့ရ ပါတယ်။

တကယ်တော့ အဆိုပါ Grappler Police Bumper တွေက ၂၀၁၆ လောက် ကတည်းက ပေါ်ခဲ့တာဖြစ်ပြီး ပိုပြီးလုံခြုံ စိတ်ချရတဲ့ နည်းလမ်းအဖြစ်လည်း နာမည်ရခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ကားရဲ့ အရှေ့မှာ အဆိုပါ ပစ္စည်းကို တပ်ဆင်ထားတာဖြစ်ပြီး အရှေ့မှာ ကိုယ်ဖမ်းချင်တဲ့ကားရဲ့ တာယာတစ်လုံးစီကို ပိုက်ကွန် လိုမျိုး လှမ်းဆွဲဖမ်းထား လိုက်တဲ့စနစ် ဖြစ်ပါတယ်။ မိသွားပြီဆိုတာနဲ့တင် အဆိုပါ မိသွားတဲ့ ကားဘီးကို Lock ချထားလိုက်နိုင်ပြီ ဖြစ်ပြီး ယာဉ် ကိုပါ လှုပ်မရတော့အောင် ရပ်တန့်သွား စေနိုင်ပါတယ်။ ရဲကားနဲ့ ဖမ်းမိလိုက်တဲ့ အဆိုပါ ကားကလည်း ချိတ်မိလျက်သား ဖြစ်သွားခဲ့ပြီး တရားခံယာဉ်ကလည်း Video ထဲမှာ မြင်ရသလောက်တော့ ဘယ်လို ကြိုးစား ကြိုးစား မလွတ်မြောက်နိုင် တော့တာကို တွေ့ရမှာပါ။ အဆိုပါ ဖမ်းဆွဲထားတဲ့ အဓိက ကိရိယာကို လိုအပ်တဲ့ အချိန်မှာ ရဲကားပေါ်က ယာဉ်မောင်းကပဲ အလိုလို လွှတ်ပေး လိုက်နိုင်တယ်လို့လည်း သိရပါတယ်။

အဆိုပါ နည်းလမ်းကိုတော့ တရားခံတွေ ကားနဲ့ မောင်းပြေးကြတဲ့ အခါမျိုးမှာ ရဲကားတွေ စိတ်ချလက်ချ လိုက်ပြီး အန္တရာယ်ကင်းကင်းနဲ့ ဖမ်းဆီးတာမျိုးအတွက် အသုံးပြုကြတာပါ။ ဒီ စနစ်ကတော့ Standard Precision Immobilization ( PIT ) လို့ခေါ်တဲ့ ဖမ်းနည်းစနစ်ထက် ပိုစိတ်ချပြီး အဆိုပါ PIT စနစ်မှာ ဆိုရင်တော့ ကြီးကြီးမားမား ပျက်စီးတာမျိုးတွေ ရှိလာနိုင်ပြီး ယခင်တုန်းကတော့ ခပ်ကြမ်းကြမ်း ရဲကား တွေ အနေနဲ့  အသုံး ပြုကြဖူးပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလိုမျိုး ကားတစ်စီးရဲ့ အနောက်ဘက် ဘီးတွေ ကို ချုပ်ထားလိုက်ပြီး ဖမ်းဆီးတာမျိုး ကလည်း အနည်းနဲ့ အများတော့ အန္တရာယ်ရှိနေဆဲဖြစ်ပြီး ရုတ်တရတ် လွတ်ထွက်သွားကာ ထိန်းမနိုင် တော့တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ အခုလိုမျိုး ကား ၂ စီး ယှဉ်တွဲပြီး ရှိနေတာမျိုးကလည်း နည်းနည်းတော့ ပြဿနာရှိနေနိုင်သေးပြီး တစ်စီးက ဘာလုပ်မယ် ဆိုတာ မသိနိုင်တဲ့ အနေအထားမှာ တစ်စီးကလည်း ဒုက္ခ ရောက်သွားနိုင်လို့ပါပဲ။ ဒါပေမယ့် အခု ဖမ်းဆီးမှုမှာတော့ Grappler Police Bumper နည်းပညာကို ထိထိ ရောက်ရောက်နဲ့ အကောင်းဆုံး အသုံးချ သွားနိုင်တယ်လို့ပဲ ဆိုရ တော့မှာ ဖြစ်ပါတယ်။

Ref: MotorAuthority