MyCars Myanmar

၂၀၂၄ ကစလို့ နော်ဝေမှာ လျှပ်စစ်ကားတွေပဲ ရောင်းချတော့မယ့် Volkswagen!

လာမယ့် ၂၀၂၄ ကစလို့ Volkswagen ကား ကုမ္ပဏီဟာ နော်ဝေ ဈေးကွက်ထဲမှာ လျှပ်စစ်ကားတွေချည်းပဲ သီးသန့် ရောင်းချတော့မယ်လို့ ကြေညာလိုက်ပါတယ်။ လက်ရှိမှာ သာမန်အင်ဂျင် ကားတွေနဲ့ လျှပ်စစ်ကား တွေ အပိုင်းကို ယှဉ်မယ်ဆိုရင် လျှပ်စစ်ကား ပမာဏ ထိပ်တန်း ရောက်နေတာကလည်း နော်ဝေ နိုင်ငံပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ မှာဆိုလည်း အဆိုပါဈေးကွက်ထဲက ရောင်းချရတဲ့ ကားစုစုပေါင်း ၆၄.၅ % က လျှပ်စစ်သီးသန့်ကားတွေ ချည်းပဲ ဖြစ်ခဲ့တာပါ။ အဓိက စက်သုံးဆီတင်ပို့တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပေမယ့်လည်း နော်ဝေ အနေနဲ့ ကမ္ဘာ ‌ပေါ်ကပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တွေနဲ့ အများဆုံးလည်ပတ်တဲ့ နိုင်ငံလည်း ဖြစ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းမှာဆိုရင် နိုင်ငံအနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေနဲ့ လျှပ်စစ်ကားတွေ အတွက် လိုအပ်တဲ့ အခြေခံ အဆောက်အဦ တွေကို ကောင်းကောင်း ဖြည့်တင်းနိုင်ခဲ့ တာပါ။ နော်ဝေ အစိုးရ အနေနဲ့လည်း လျှပ်စစ်ကားတွေ အတွက် Incentive အများအပြား ကမ်းလှမ်းခဲ့သလို ဘက်စ်ကား လမ်းကြောတွေနဲ့ တက္ကစီသီးသန့် လမ်းကြောတွေ မှာပါ မောင်းနှင်ခွင့်  ပေးခဲ့တာ ဖြစ်ပြန်ပါ တယ်။ တကယ့် လက်တွေ့မှာလည်း နော်ဝေနိုင်ငံ ထဲမှာ သာမန် ဓာတ်ဆီ ၊ ဒီဇယ် နဲ့ Hybrid ကားတွေထက် လျှပ်စစ်သီးသန့် ကားတွေက ပိုပြီး သက်သက်သာသာ ဝယ်ယူနိုင်နေပါတယ်။

Photo Credit: InsideEvs

အခု နော်ဝေနိုင်ငံ ဈေးကွက်အတွင်း Volkswagen ရဲ့ အနာဂတ်ကို ထုတ်ပြန်ပြောကြားခဲ့ရာမှာတော့ လာမယ့် ဇန်နဝါရီ လ ၁ ရက် ၂၀၂၄ က စလို့ VW ရဲ့ ဓာတ်ဆီ ၊ ဒီဇယ် နဲ့ Hybrid ကားတွေ ရောင်းချမှုကို ရပ်တန့် တော့မယ် လို့ ဖော်ပြထားပါတယ်။ အခု ၂၀၂၂ နှစ်ဝက်ကာလရဲ့ နော်ဝေဈေးကွက် ကားရောင်းအားတွေမှာတော့ အရောင်းရ‌ဆုံး လျှပ်စစ်ကားက Tesla Model Y ဖြစ်ပြီး Volkswagen ရဲ့ ID.4 နဲ့ Skoda Enyaq ကား‌တွေကလည်း နီးနီးကပ်ကပ် ရောင်းအားကောင်းတွေ ပိုင်ဆိုင်လာပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာ တစ်ခုကတော့ Tesla Model 3 ရဲ့ ရောင်းအားတွေ နော်ဝေ ဈေးကွက်ထဲ ကျဆင်းလာ နေတာပါပဲ။ ဖြစ်နိုင်ချေရှိတာ ကတော့ ပြိုင်ဘက်သစ် BMW i4 နဲ့ ဥရောပဈေးကွက် Version အသစ် Tesla Model Y တို့ ထွက်လာတာကြောင့်လို့ ယူဆရပါတယ်။

Photo Credit: InsideEvs

ID.4 လိုပဲ Volkswagen အနေနဲ့ ID.3 Hatchback ကားသစ်နဲ့ ID.5 SUV Coupe ကားတွေကိုပါ နော်ဝေဈေးကွက် ထဲမှာ ရောင်းချသေးတာ ဖြစ်ပါတယ်။ ID.3 အနေနဲ့ကတော့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက နော်ဝေရဲ့ ရောင်းအား အကောင်းဆုံး လျှပ်စစ်ကား ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းပိုများလာတဲ့ လျှပ်စစ်ကားသစ်က ရောင်းအားကို ပြန်ခွဲယူလာ နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ID. Buzz ကားအသစ်ကလည်း နော်ဝေ ဈေးကွက်မှာ နောက်နှစ် အတွက်ကိုပင် လုံးဝရောင်းကုန်သွားပြီဖြစ်ကာ ဒီ ပမာဏက ဂျာမနီဈေးကွက် ရောင်းအားထက်တောင် ပိုများနေတော့တာပါ။

Ref: InsideEvs

Exit mobile version