MyCars Myanmar

မိုးပျံတက္ကစီ အတွက် နမူနာယာဥ်ကို ထုတ်ပြလာခဲ့တဲ့ Volkswagen Group !

Volkswagen Group ရဲ့ တရုတ်အခြေစိုက် လုပ်ငန်းစုကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ မိုးပျံတက္ကစီ နမူနာဒီဇိုင်းကို ချပြလာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ယာဥ်ကိုတော့ Passenger Drone လို့ အမည်ပေးထားပြီး ‌လျှပ်စစ်စွမ်းအင် နဲ့ပဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်မယ့် ဒီဇိုင်း ဖန်တီးပေးထားပြီး ယာဥ်ကိုမောင်းနှင်ပေးမယ့် သူတောင် မလိုအပ် မယ့် မောင်းသူမဲ့စနစ်နဲ့ ထိန်းချုပ်ထားမှာလည်း ဖြစ်ပါတယ်။ တကယ့် လက်တွေ့ဖြစ်လာဖို့တော့ အချိန်ယူ ရနိုင် သေးတာကြောင့် အခုမြင်ရတဲ့ ယာဥ်က နမူနာ အဆင့်ပဲ ရှိသေးပြီး ပထမဆုံး စမ်းသပ် မောင်းနှင်မှုတွေကိုတော့ အခုနှစ် နှောင်းပိုင်းလောက်မှာ စတင်လာနိုင်ပါတယ်။ အဆိုပါ စမ်းသပ်ချက်တွေကနေ တစ်ဆင့် နောက်ပိုင်း ပြောင်းလဲဖို့ လိုအပ်လာနိုင်မယ့် ဒီဇိုင်းပိုင်းတွေကို ဖန်တီးကာ ပိုကောင်းလာမယ့် ယာဥ်ပုံစံ အသစ်ကိုတော့ လာမယ့် ၂၀၂၃ နွေရာသီ နှောင်းပိုင်းလောက်မှာတင် ထပ်မံ ချပြလာနိုင်ပါတယ်။

Photo Credit: MotorAuthority

ယာဥ်မှာတော့ ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်ဖို့ ‌မော်တာပန်ကာ ၈ လုံးနဲ့ ပုံမှန်ပျံသန်းနိုင်ဖို့ အတွက် ဒလက် ၂ လုံး ပါဝင်ပါတယ်။ တစ်ခါ အားသွင်းထားရုံနဲ့ ၁၂၄ မိုင် အထိ မောင်းနှင်ပျံသန်းနိုင်မှာဖြစ်ပြီး အများဆုံး ခရီးသည် ၄ ယောက် နဲ့ သူတို့ရဲ့ ခရီးသွားအိတ်ပစ္စည်းတွေ လောက်ကို သေချာတင်ဆောင် နိုင်မှာပါ။ အခု ဝန်ဆောင်မှုကိုတော့ VW Group အနေနဲ့ လုံးဝသီးသန့် ဖြစ်အောင် ဖန်တီးထားပြီး မြို့တွေအကြား သွားလာတာမျိုး ၊ လေဆိပ် အသွားအပြန် လုပ်ရတာ မျိုးတွေနဲ့ အဓိကမြို့ကြီးတွေအကြား ကူးသန်းလုပ်ကိုင်နေရသူ စီးပွား ရေးလုပ်ငန်းရှင်ကြီးတွေ အတွက် ပိုရည်ရွယ် ထားတာလည်း ဖြစ်ပါတယ်။ အခု စီမံကိန်းကို VW နဲ့ ပူးပေါင်း လုပ်ကိုင်နေသူတွေထဲ တရုတ်ကုမ္ပဏီ အများ အပြားလည်း ပါဝင်ထားတာဖြစ်ကာ Hunan အခြေစိုက် Sunward လုပ်ငန်း ကြီးရဲ့ Hunan Sunward Technology ကလည်းတစ်ခု အပါအဝင် ဖြစ်နေပါတယ်။ အဆိုပါ ကုမ္ပဏီကတော့ လေကြောင်း သယ်ယူပို့ဆောင်ရေး အပိုင်း ထုတ်ကုန်တွေ ဖန်တီး‌ရေးနဲ့ ရောင်းချရေး ဘက်ကို အလေးပေးထားတာဖြစ်တဲ့အပြင် ပေါ့ပါးတဲ့ မိုးပျံ သယ်ယူ ပို့ဆောင်ရေး စနစ်တွေကိုလည်း လတ်တလောအားစိုက်နေတာာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

လက်ရှိမှာတော့ မဝေးတော့တဲ့ အနာဂါတ်မှာ အပြိုင်အဆိုင် တိုးတက်လာနိုင်တဲ့ လေကြောင်း ပို့ဆောင်ရေး အပိုင်းကို ကုမ္ပဏီတွေ အများအပြား ဝင်ရောက်လာနေပြီ ဖြစ်ပြီး တစ်ချို့ ထင်ရှားတဲ့ လုပ်ငန်းတွေထဲမှာ ဆိုရင် Hyundai Motor Group၊ Lilium၊ Mercedes-Benz နဲ့ Geely က ကျောထောက် နောက်ခံပြုပေးထားတဲ့  Volocopter, တို့ အပြင် Toyota ‌ထောက်ပံ့ပေးထားတဲ့ Joby Aviation. တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ VW Group ရဲ့ Brand တွေ ဖြစ်တဲ့ Audi နဲ့ Porsche တို့ကလည်း မိုးပျံ တက္ကစီတွေကို Concepts တွေအနေနဲ့ ချပြထားဖူး ပေမယ့်လည်း မူလကုမ္ပဏီ VW တို့ကပဲ အကုန်လုံး စီမံမယ့် သဘော ရှိပါတယ်။ ကုမ္ပဏီ အနေနဲ့ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းကအခုလိုမျိုး အလွယ်တကူ အတက်အဆင်း လုပ်နိုင်မယ့် ယာဥ်ပျံ စီမံကိန်း‌တွေကို စတင်နေခဲ့တာ ဖြစ်ပြီး အနာဂါတ်ရဲ့ လျှပ်စစ် စွမ်းအင်သုံးပို့ဆောင်ဆက်သွယ်ရေးစနစ် တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်ဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။ လွယ်လည်း လွယ်ကူပြီး အဆင်လည်းပြေတဲ့ အခုလိုမျိုး မိုးပျံတက္ကစီတွေကတော့ အနာဂါတ်ကို ကြိုတွက်ဆ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတိုင်းအတွက် ခြေလှမ်းသစ် တစ်ရပ်ဖြစ်လာဖို့ ရှိနေပါပြီ။ မြို့ပေါ်တွေမှာ ကြုံနေရတဲ့ ယာဥ်ကြောပိတ်ဆို့ မှုတွေကို ရှောင်ရှားရင်း ကုန်စည်ပို့ဆောင်တာတွေနဲ့ ခရီးသည် ပို့ဆောင်တဲ့အပိုင်းတွေမှာပါ အသုံး ပြုလာနိုင်ပါတယ်။ အခုလို ယာဉ်တွေ သေချာသုံးနိုင်မယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ အခြားအရာတွေကိုလည်း လိုအပ်ချက် ရှိနေသေးပြီး နည်းပညာပိုင်း အရလည်း တရားဝင် ထုတ်လုပ်နိုင်ဖို့ အတွက် လိုအပ်နေသေးတာကြောင့် ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

Ref: MotorAuthority

(19) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube

Exit mobile version