MyCars Myanmar

နိုဝင်ဘာ ၉ ရက်နေ့မှာ ထွက်ရှိလာတော့မယ့် Volvo ရဲ့ EX90 လျှပ်စစ်ကားသစ်!

Volvo ရဲ့ လူကြိုက်များတဲ့ XC90 ကားကို လျှပ်စစ်မျိုးကွဲ အဖြစ် ထုတ်ပေးဖို့ Volvo တို့ ပြင်ဆင်နေတာဖြစ်ပြီး အခု ဗုဒ္ဓဟူး နေ့က ကုမ္ပဏီရဲ့ အတည်ပြုပေးချက် အရတော့ ကားသစ်ကို လာမယ့် နိုဝင်ဘာ လ ၉ ရက် နေ့မှာတင် ချပြတော့မယ်လို့သိရပါတယ်။ အဆိုပါ လျှပ်စစ် SUV အသစ်ကိုတော့ EX90 လို့ အမည်ပေးထားမှာဖြစ်ပြီး XC90 မှာ သုံးခဲ့တဲ့ SPA Platform ရဲ့ မျိုးဆက်သစ် Version ကိုအသုံးပြုသွားမှာ ဖြစ်ပါတယ်။ အဆိုပါ Platform အသစ် ကတော့ လျှပ်စစ်ကားတွေ အတွက် အဓိက ဖန်တီးပေးထားတာ ဖြစ်ပြီး Internal Combustion Engine တွေ ကိုလည်း Hybrid အနေနဲ့ တွဲသုံးလို့ ရ‌ကောင်းရနိုင်ပါသေးတယ်။ EX90 မှာ ထူးခြားတာကတော့ အမိုးပေါ် တပ်ဆင် ထားမယ့် LiDAR Sensor ပါဝင်လာမှာဖြစ်ပြီး ကင်မရာရှစ်လုံး ၊ ရေဒါ ၅ လုံး နဲ့ Ultrasonic Sensor ၁၆ လုံး အထိကို ထည့်သွင်းထား မှာပါပဲ။ အဆိုပါ စနစ်တွေ အကုန် လုံးကို ပေါင်းစပ်ပြီး Volvo ရဲ့ ကိုယ်ပိုင် Driver-Assist လုပ်ဆောင်ချက်တွေကို ဖန်တီးနိုင်မှာဖြစ်ကာ လူသေဆုံးမှုထိ ဖြစ်နိုင်မယ့် ယာဉ်မတော်တဆမှုတွေကို ပုံမှန် ကားတွေမှာထက် ၂၀% အထိကို လျှော့ချပေးနိုင် မယ်လို့ သိရပါတယ်။ သာမန် ယာဉ်မတော်တဆမှုတွေ အနေနဲ့ ဆိုရင်တော့ ၉ % အထိကို လျှော့ချပေးနိုင်မှာ ဖြစ်တယ်လို့လည်း Volvo က ဆိုထားပါတယ်။

Photo Credit: MotorAuthority

ယာဉ်မတော်တဆမှုတွေကို လျှော့ချပေးနိုင်ဖို့ အခုနည်းပညာတွေ သုံးတဲ့အခါမှာတော့ Driver Monitor ကနေ ယာဉ်မောင်းရဲ့  အခြေအနေတွေကိုလည်း အမြဲမပြတ် ထောက်လှမ်း ပေးနေနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ယာဉ်မောင်းက နေထိုင်မကောင်း ဖြစ်လာတာတို့ အိပ်ငိုက်လာတို့ ဆိုရင်လည်း ကားကို လုံလုံခြုံခြုံနဲ့ အရေးပေါ် ရပ်တန့် ပေးလိုက်ဦးမှာပါ။ မောင်းသူမဲ့ အဆင့်မှာလည်း အဆင့်မြင့် အနေအထား တစ်ခုကို ဖန်တီးထားမှာဖြစ်ပြီး Ride Pilot လို့ခေါ်တဲ့ Feature အသစ်တစ်ခုကိုလည်း အခုကားမှာ ထည့်သွင်းပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Ride Pilot နဲ့ ဆိုရင်တော့ အဝေးပြေး လမ်းမတွေထက်မှာ တကယ်ကို ကြည့်စရာမလို လက်လွှတ်ထားလို့ ရမယ့်အထိ အလိုအလျောက် မောင်းသူမဲ့အဆင့် ဖြစ်ပြီး လောလောဆယ်တော့ ဘယ်လောက်အထိ အဆင်သင့် ဖြစ်နေပြီလဲ မသိရသေးပေမယ့် အမေရိကန်ရဲ့ ကယ်လီဖိုးနီးယား ပြည်နယ်လမ်းတွေထက် ပထမဆုံး စသုံးလာနိုင်ဖို့ ရှိနေပါတယ်။ အခုအထိ မြင်ရသလောက် ပုံရိပ်တစ်ချို့အရတော့ အပြင်ဘက် ကားဒီဇိုင်းက XC90 နဲ့အတော် လေးဆင်တူနိုင်ပါတယ်။ Volvo က ဖန်တီးထားတဲ့ နမူနာပုံကြမ်းတွေကို ကြည့်မယ်ဆိုရင်တော့ XC 90 ကားတုန်းထက် နည်းနည်း ပိုနိမ့်နိုင်ပြီး ပိုရှည်တဲ့ကားကိုယ်ထည် ပါဝင်လာ နိုင်ပါလိမ့်မယ်။

အဆိုပါ EX 90 ကားသစ် တွေကိုတော့ လာမယ့် ၂၀၂၃ အရောက်မှာ စတင် ရောင်းချလာဖို့ ရှိနေပါတယ်။ မြောက် အမေရိကနဲ့ အခြားသော ကားဈေးကွက်အတွက် အဆိုပါ ကားတွေကို တောင်ကယ်ရိုလိုင်းနား ၊ Charleston နားမှာ ရှိတဲ့ Volvo ရဲ့ စက်ရုံမှာ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ စက်ရုံကနေ S60 Sedan ကားတွေကိုပဲ ထုတ်လုပ်ပေးနေပေမယ့် လာမယ့် နှစ်မှာတော့ EX90 အပြင် Polestar 3 SUV ကားတွေကိုပါ ထုတ်လုပ် ပေးလာနိုင်ဖို့ ရှိနေပါတယ်။ EX90 လျှပ်စစ်ကားသစ် ရောက်လာတော့မှာ ဖြစ်ပေမယ့်လည်း XC90 ကတော့ ရောင်းအားတွေ စံချိန်တင်ပြီး လူကြိုက်များနေဆဲပါပဲ။ မနှစ်က ဆိုရင် အဆိုပါ ကား စုစုပေါင်း ၃၈,၆၅၇ စီး ကို အမေရိက ဈေးကွက်မှာတင် ရောင်းချနိုင်ခဲ့ပြီး လက်ရှိမျိုးဆက် XC90 ကားတွေထဲမှာတော့ အမြင့်ဆုံး ရောင်းအားဖြစ်ကာ ကုမ္ပဏီသမိုင်းကြောင်း တစ် လျှောက်မှာတော့ ဒုတိယ အမြင့်ဆုံးအထိ ဖြစ်လာခဲ့ပါတယ်။ ရလဒ် အနေနဲ့ကတော့ XC90 ကိုတော့ EX90 လျှပ်စစ် ကားသစ်ဈေးကွက် ဝင်လာချိန် နောက်ပိုင်းအထိ ဆက်လက် ရောင်းချနေရဦးမယ်လို့ မျှော်လင့် နိုင်တာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version