MyCars Myanmar

၇ ယောက်စီး ဇိမ်ခံလျှပ်စစ် Flagship SUV ကားအနေနဲ့ ထွက်ပေါ်လာပြီဖြစ်တဲ့ Volvo EX90!

Teaser ပုံရိပ်တွေ အများအပြား ချပြအပြီးမှာတော့ ထိုင်ခုံ ၃ တန်းပါ လျှပ်စစ်သီးသန့်နဲ့ Platform အသစ်သုံး Volvo EX90 ကားသစ်က ပွဲထွက်လာနိုင်ခဲ့ပါပြီ။ အဆိုပါ ကားကတော့ Volvo က နောက်ပိုင်း ဆက် ထုတ်မယ့် လျှပ်စစ် ကားသစ်တွေရဲ့ အစလည်းဖြစ်ပြီး အခု ဆယ်စုနှစ် အဆုံးအထိကို တစ်နှစ်ကို လျှပ်စစ်ကားသစ်တစ်မျိုး ထုတ်လုပ် ဖို့လည်း ရည်မှန်းထားတာ ဖြစ်ပါတယ်။ အခုကားကို စမြင်လိုက်ပြီ ဆိုတာနဲ့တင် Volvo ဆီက ထုံးစံအတိုင်း မျှော်လင့်လို့ရမယ့် အရာတွေဖြစ်တဲ့ ခေတ်မှီဆန်းသစ်တဲ့ ဒီဇိုင်း ၊ တည်ငြိမ်ပြီး အချွန်အထက်လေးတွေ အနည်းငယ် ပါဝင်တဲ့ဒီဇိုင်းကို သေချာပေါက် မြင်တွေ့ရပါတယ်။ အခုကားက အတိုင်းအတာ တစ်ခုထိကို XC90 နဲ့ ခပ်ဆင်ဆင် တူနေပေမယ့် Platform အသစ်သုံးထားတာကတော့ သိသိသာသာ ကွာခြားချက် ဖြစ်သွားစေပါတယ်။ လုံခြုံရေး ပိုင်းအတွက် နည်းပညာသစ်တွေမှာ လည်းအား စိုက်ထားတာကြောင့် လုံခြုံရေးအကောင်းဆုံး Volvo ကားတစ်စီး အဖြစ်လည်း ကုမ္ပဏီက ဖော်ညွှန်းထား ပြန်ပါတယ်။

Photo Credit: motor 1.com

တကယ်လည်း လုံခြုံရေးပိုင်းအတွက် Sensor တွေ ၊ ကင်မရာနဲ့ ရေဒါတွေကို အရှေ့လေကာမှန်ရဲ့ အမိုးပေါ် လေးမှာ ဘုလေး တစ်ခုထဲ သိသိသာသာ ထည့်ပေးထားတာပါ။ Volvo ကတော့ အခု စနစ်တွေ အမှန်တ ကယ် အကျိုးရှိ အလုပ်လုပ်နိုင်ဖို့ အတွက်ကိုလည်း စွမ်းဆောင်ရည်မြင့် ကွန်ပြူတာစနစ်တွေနဲ့ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ စနစ်တွေကနေ ကားတစ်စီးလုံးရဲ့ ၃၆၀ ပတ်ပတ်လည် မြင်ကွင်းတွေကို ထုတ်ပေးနိုင်ပြီး ယာဉ်မောင်းတောင် ဘယ်လိုမှ ကြိုမမြင်နိုင်တဲ့ မီတာရာချီ အကွာအဝေးက အရာတွေအထိ ထောက်လှမ်း ရှောင်ရှားနိုင်ပါတယ်။ ကားရဲ့ ကြီးမားတဲ့ ကိုယ်ထည်ကြောင့် ကားရဲ့ ဘက်ထရီပိုင်းကလည်း 111 kWh အထိကို သုံးပေးထားနိုင်ပြီး လျှပ်စစ် မော်တာ ၂ လုံးနဲ့ တွဲဖက်ကာ 496 hp နဲ့ 671 lb-ft Torque ဆိုတဲ့ အမြင့်ဆုံး စွမ်းဆောင်ရည် ပမာဏကိုပါ ထုတ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ EPA စံနှုန်း အနေနဲ့ တရားဝင် မသတ်မှတ်ရသေးပေမယ့် Volvo ကတော့ ကားသစ်ဟာ တစ်ခါ အားသွင်းထားရုံနဲ့ မိုင် ၃၀၀ လောက် မောင်းနိုင်မယ်လို့ ဆိုထားပါတယ်။ အားပြန်သွင်းရင် ဘယ်လောက် အထိ အမြင့်ဆုံး ပမာဏ ရောက်မလဲဆို တာကို မသိရသေးပေမယ့် ကုမ္ပဏီ ဘက်ကတော့ နာရီဝက် အတွင်းမှာတင် ၁၀ ကနေ ၈၀ % အထိကို အားသွင်းပေးနိုင်လိမ့်မယ်လို့ ပြောထားပါသေးတယ်။

Photo Credit: motor 1.com

ကားဘီးတွေပေါ် အဆင့်မြင့် ကွန်ပြူတာစနစ်တွေတင်ထားတဲ့ ခေတ်သစ်ကားတွေလို မဟုတ်ပဲ မောင်းရတဲ့ အရသာ ပါ အတော်လေး ထိတွေ့ကောင်းမွန် ပျော်စရာ ကောင်းနေစေမယ့် SUV တစ်စီးအဖြစ်လည်း Volvo တို့က ဖော်ကျူးထားပါတယ်။ နောက်တစ်ချက် ထူးခြားတာကတော့ အခု ကားရဲ့ စွမ်းဆောင်ရည်နဲ့ ဒီဂျစ်တယ် Graphics ပိုင်းတွေ ဘယ်လောက် ရှိတယ်ဆိုတာ သိရဖို့အတွက် တကယ့်ဂိမ်း အကြမ်းစားတွေ ထုတ်လုပ်တဲ့ Unreal Engine တို့နဲ့ပါ ပူးပေါင်းကာ ဖန်တီးခဲ့ပါသေးတယ်။ တကယ့် ကားပေါ်မှာတော့ ၁၄.၅ လက်မ အရွယ် Screen အကြီးကြီး ကို ကားရဲ့ အလယ်တည့်တည့်မှာ ထည့်ပေးထားပြီး Google Feature တွေ အစုံအလင် သုံးနိုင်မယ့်အပြင် 5G အင်တာနက် ဆက်သွယ် ရေးကွန်ရက်ကိုပါ ရအောင် စီစဉ်ပေးထားပါတယ်။  နောက်တစ်ချက် မိုက်တာကတော့ Phone Key ဆိုတဲ့ နည်းပညာဖြစ်ပြီး ဖုန်းကို ကား သော့အဖြစ် အသုံးပြုတာဖြစ်ကာ ဖုန်းကို အိတ်ထဲ ထည့်ပြီးကားနားရောက်တာနဲ့ ကားကိုဖွင့်ပေးပြီး ၊ အပူချိန် ၊ ထိုင်ခုံ အနေအထားစတဲ့ Settings တွေကိုလည်း အလို အလျောက် ပြောင်းပေးထားမှာ ဖြစ်ပါတယ်။ ကားအတွင်း အသံစနစ်မှာ ဆိုရင်လည်း အခုကားက Volvo ကားတွေ ထဲ ထိုင်ခုံထဲမှာ စပီကာ မြုပ်ထားတဲ့ ပထမဆုံးကားဖြစ်လာခဲ့ပြီး Bowers & Wilkins အသံစနစ်ကိုလည်း သုံးပေးထားပါတယ်။ ကားသစ်ရဲ့ ဈေးနှုန်း အတိအကျတွေ မသိရသေး ပေမယ့်လည်း အမေရိက ဈေးကွက်ထဲမှာ တော့ ကြိုတင်မှာယူနိုင်နေပြီ ဖြစ်ပါတယ်။ Volvo ကတော့ ဝန်ဆောင်မှု အပြည့်အစုံ တပ်ဆင်ရယူထားမယ့် အခုကားသစ် တစ်စီးဟာ $ 80,000 အောက်မှာပဲရှိမယ်လို့ ဆိုထားပါသေးတယ်။ အကြိုမှာယူမှုတွေကို လာမယ့် ၂၀၂၃ ဆောင်းဦး လောက်မှာတင် အတည်ပြုမှာဖြစ်ပြီး ၂၀၂၄ အစောပိုင်း လောက်မှသာ အခု နေအ‌စောဆုံး ကားမှာယူထားသူ တွေ လက်ဝယ်ပိုင်ဆိုင် နိုင်မှာပါ။

Ref: motor 1.com

Exit mobile version