MyCars Myanmar

ဘက်ထရီ စက်ရုံသစ်ကို ကြေညာလိုက်တဲ့ Volvo နဲ့ Northvolt ကုမ္ပဏီ !

နာမည်ကျော် ကားကုမ္ပဏီတစ်ခု ဖြစ်တဲ့ Volvo ကတော့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းပဲ သူတို့ရဲ့ ဘက်ထရီစက်ရုံ အသစ်အကြောင်းကို တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံသစ်ကိုတော့ ဆွီဒင်နိုင်ငံ ၊ Gothenburg မှာ ရှိတဲ့ ကားထုတ်လုပ်ရေး စက်ရုံဘေးမှာပဲ တည်ဆောက် သွားတော့မှာပါ။ အဆိုပါ ဘက်ထရီ စက်ရုံကိုတော့ ဆွီဒင် ရဲ့ ဘက်ထရီ ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Northvolt နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အနာဂါတ်မှာ ထုတ်လုပ်လာမယ့် Volvo နဲ့ Polestar တို့ရဲ့ လျှပ်စစ်ကားတွေ အတွက် ဘက်ထရီတွေ အဓိက ထောက်ပံ့ ပေးသွားဖို့ ရှိပါတယ်။ ဒါတင်မကသေးပဲ ဂျာမနီနိုင်ငံ ၊ ဘာလင်မြို့မှာ စက်ရုံတည်ဖို့ စီစဉ်ထားတဲ့ ယခင် Tesla ရဲ့ ရာထူး ကြီး တစ်နေရာရခဲ့ သူ Adrian Clarke ကလည်း အခု ပူးပေါင်းစက်ရုံမှာ ပါဝင်လာဖို့ ရှိနေပြန်ပါတယ်။ အဆိုပါ စက်ရုံကိုတော့ လာမယ့် ၂၀၂၄ မှာ စတင်တည်ဆောက်မှာဖြစ်ပြီး ပထမဆုံးသော ဘက်ထရီတွေကိုတော့ လာမယ့် ၂၀၂၅ မှာ စတင်ထုတ်လုပ်ပေးသွားမှာပဲ ဖြစ်ပါ တယ်။ Volvo နဲ့ Northvolt တို့ ပူးပေါင်းထားတဲ့ R&D Center ကလည်း အခုစက်ရုံတည်ဆောက်ရေးမှာဆက်လက် ပူးပေါင်းလုပ်ဆောင် သွားမှာဖြစ်ပြီး အဆိုပါ စီမံကိန်း ကြောင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃,၀၀၀ လောက်ကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

အဆိုပါ စက်ရုံကနေ အမြင့်ဆုံး ထုတ်လုပ်နိုင်မယ့် ဘက်ထရီ ပမာဏကတော့ တစ်နှစ်ကို 50 Gigawatt-Hours အထိ ရှိပြီး ကား အစီးရေ သန်းတစ်ဝက်လောက်ကို ဘက်ထရီတွေ ထောက်ပံ့ပေးနိုင် ပါလိမ့်မယ်။ လက်ရှိမှာတော့ Volvo အနေနဲ့ ဘက်ထရီ အမြောက်အများကို အဓိက ထုတ်လုပ်ဖို့ လိုအပ်နေပြီး အကြောင်းကတော့ လာမယ့် ၂၀၃၀ ကစလို့ လျှပ်စစ်ကားတွေချည်းပဲ သီးသန့် ထုတ်လုပ်တော့မှာ မို့လို့ ပါပဲ။ ရောင်းအားတွေကိုလည်း နှစ်စဉ်တစ်သန်းကျော် လောက်အထိ ရှိနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ မနှစ်ကလည်း တစ်နှစ်တည်းတင် ကား သစ် ရောင်းအားက‌ အစီး ရေ ပေါင်း 698,693 အထိကို ရှိခဲ့တာပါ။  စက်ရုံသစ် လည်ပတ်ရာမှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ အတတ် နိုင်ဆုံး လိုက်လျောညီထွေရှိစေဖို့ အတွက် ရည်ရွယ်ကာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အဓိက အသုံးပြုမှာ ဖြစ်ပါတယ်။ ဘက်ထရီ ထုတ်လုပ်တဲ့ အဆင့်မှာ ဆိုရင်လည်း သတ္တုပစ္စည်းတွေ အတော်များများ အသုံးပြုတာကို တတ်နိုင်သလောက် လျှော့ချသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိ ရှိပြီးသား ပစ္စည်းတွေကို ထုတ်ကုန်တွေရဲ့ အဆင်ပြေမယ့် နေရာတွေမှာ ပြန်လည် အသုံးပြုတဲ့ Circular Economy Principles ဆိုတဲ့ စည်းမျဉ်းကို အဓိကအသုံး ချမှာပါ။ လက်ရှိ မှာတော့ Volvo ရဲ့ အဓိက ပြိုင်ဘက်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ BMW နဲ့ Volkswagen Group တို့ကလည်း Northvolt နဲ့ အတူ ပူးပေါင်းပြီး လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့် အခု Volvo လိုပဲ VW Group နဲ့ Northvolt တို့ကပါ ဘက်ထရီ စက်ရုံတစ်ရုံ တည်ဆောက်ဖို့ ရှိနေပြီး  အဆိုပါ စက်ရုံကိုတော့ ဂျာမနီ နိုင်ငံ Salzgitter မှာ စတင်နေပြီ ဖြစ်ကာလာမယ့် ၂၀၂၄ ‌မှာ စတင် လည်ပတ်တော့မှာ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version