MyCars Myanmar

လမ်းကြမ်းပိုင်း အသားပေး ဖြစ်လာတဲ့ Volkswagen Multivan T7 !

Volkswagen ရဲ့ T6 Van ကားမျိုးဆက်အဖြစ် ဈေးကွက်အတွင်း တသီးတသန့် ရပ်တည်နေတဲ့ T7 Van ကားသစ် ကတော့ နည်းနည်း ပိုကျစ်ကျစ်လျစ်လျစ် ရှိပြီး လျှပ်စစ်စွမ်းအင် သုံးနိုင်တဲ့ ကားတစ်စီးအဖြစ် ပွဲထွက်ထားခဲ့တာ ဖြစ်ပါတယ်။ အဓိက အားဖြင့် အသေးစား စီးပွားရေး လုပ်ငန်းတွေနဲ့ သာမန် အသုံးပြု သူတွေလောက်ကိုရည်ရွယ် ထားတဲ့ကားလေး တစ်စီးဖြစ်ပြီး အခုဆိုရင် ဂျာမနီ Tuning ကုမ္ပဏီ တစ်ခုက ပိုပြီး လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် တွေ ကောင်း ကောင်း ပြပေးနိုင်မယ့် ကားတစ်စီးအဖြစ် အသွင်ပြောင်းပေးလာ ပါတယ်။ လမ်းကြမ်းပိုင်းယာဉ်တွေ အဖြစ် ပုံပြောင်းပေးရာမှာ နာမည်ကြီးတဲ့ ဂျာမနီရဲ့ Delta 4×4 Tuning တို့က အခုကားကို ဖန်တီးပေးခဲ့တာ ဖြစ်ကာ သာမန်ထက် ပိုကျယ် ပိုမြင့်တဲ့ကားတစ်စီး အဖြစ် ပြောင်းပြီး မြင်တွေ့ရတော့မှာပါ။ Bilstein ရဲ့ Shock Absorbers တွေနဲ့ Eibach ရဲ့  Springs တွေကို ထည့်သုံးပေးထားတဲ့ အခုကားမှာဆိုရင် သာမန်ထက် မြေပြင်ကင်းလွတ်အမြင့် ၄၀ မီလီမီတာ လောက် အထိကို ပိုလာပါတယ်။ အခု ကားအတွက် တကယ်ကောင်းတဲ့ Hanma Rims တံဆိပ် All- Terrain တာယာတွေကိုပါ ပြောင်းလဲ တပ်ဆင်ပေးထား ပြီး ယခင်ကထက် ပိုကြီးတဲ့ လက်မ ၂၀ အရွယ်တွေ အဖြစ် မြင်ရပါလိမ့်မယ်။

Photo Credit: motor 1.com

လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ကောင်းကားတစ်စီး ဖြစ်စေဖို့အတွက် အစိတ်အပိုင်း အသစ်တွေ ထည့်ပေးလိုက် ရုံတင်မကပဲ အပြင်ပိုင်း ဒီဇိုင်းအသစ် Kit ကိုလည်း ဖန်တီးပေးထား လိုက်ပါသေးတယ်။ အဆိုပါ Kit အရတော့ အရှေ့ဘက်မှာ ဆိုရင် ၇၆ မီလီမီတာ ရှိတဲ့ Stainless Steel Bracket ပါဝင်လာတာ ဖြစ်ပြီး ကိုယ်ထည် အရောင်နဲ့ တစ်ဆက်တည်း ဒါမှမဟုတ် Matte Black တွေအဖြစ် ရွေးချယ်နိုင်ပါတယ်။ အမိုးကိုင်း အသစ်ကိုလည်း ပစ္စည်းတွေ အပိုတင်ဖို့ ရွေးချယ်တပ်ဆင် နိုင်ဦးမှာဖြစ်ပြီး ပိုကျယ်လာတဲ့ ဘီးတွေအတွက် ဘီးဖုံး အပိုတွေကိုလည်း သုံးပေးထားပါတယ်။ ဒါတင်မကသေးပဲ နှစ်ရောင်စပ် အရောင်နဲ့ ကားကိုယ်ထည် ပိုင်းတွေကိုလည်း ရွေးချယ်နိုင် သေးတာဖြစ်ပြီး အဆိုပါ အရောင်နဲ့ကားတွေ မှာတော့ အမိုးနဲ့ အပေါ်ဘက် တစ်ဝက်ပိုင်းတွေက အနက်ရောင် ဖြစ်လာမှာပါ။ တကယ်တော့ အဆိုပါကားရဲ့ ဖြစ်နိုင်ချေ ဒီဇိုင်း Prototype တွေကို မနှစ်ကတည်းက ပြသခဲ့တာ ဖြစ်ပြီး အခုတစ်ခေါက်မှာတော့ တကယ့်လက် တွေ့ကားတစ်စီးအဖြစ် သေချာ ပုံဖော်ပေးထားနိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခင် ပုံကြမ်းတွေမှာတုန်းက မြင်ခဲ့ရတဲ့ အရှေ့ဘက် ဘန်ဘာပေါ်က မီးကြီး အပိုတွေကိုတော့ အခု တစ်ခေါက် တကယ့် ကားထွက်လာတဲ့ အခါမှာ ပါလာတာ မတွေ့ရတော့ ပါဘူး။

Photo Credit: motor 1.com

အခု Tuning Kit ရဲ့ ကောင်းကွက် တစ်ရပ်ကတော့ အဆိုပါ Package တစ်ခုလုံးကြီး ဝယ်ပြီး အဆင့်မြှင့်တင်စရာ မလိုပဲ Customer စိတ်ကြိုက် တစ်ပိုင်းချင်း စီကို ဖြုတ်ပြီး ဝယ်ယူနိုင်တာပဲ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ပုံမှန်ထက် မြှင့် ပေးထားတဲ့ Suspension ပိုင်း တစ်မျိုးတည်းကိုပဲ လိုချင်တယ် ဆိုရင် $ 1,491 ဝန်းကျင် လောက်နဲ့ ဝယ်ယူနိုင် မှာဖြစ်ပြီး ၁၈ လက်မ အရွယ် Hanma ဘီးတွေနဲ့ လမ်းအစုံသုံး အကြမ်းခံ All-Terrain တာယာ တွေကိုပဲ ယူသုံး ချင်တယ် ဆိုရင်လည်း $ 4,170 လောက် နဲ့ ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version