MyCars Myanmar

၂၀၃၀ မှာတင် မောင်းသူမဲ့ကားအပိုင်းမှာ ထိပ်တန်းရောက်ချင်နေတဲ့ Volkswagen!

မကြာသေးမီကပဲ အမေရိကန်အခြေစိုက်  မောင်းသူမဲ့ နည်းပညာကုမ္ပဏီ Argo တို့ အပြီးအပိုင် ပိတ်သိမ်း ရပ်နားလိုက် ရပါတယ်။ တကယ်တော့ အဆိုပါ ကုမ္ပဏီကို နာမည်ကြီး လုပ်ငန်းတွေဖြစ်ကြတဲ့ Volkswagen နဲ့ Ford တို့က ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ အခုလိုမျိုး ၂.၆ ဘီလီယံလောက်အထိ ရင်းနှီးမြုပ်နှံထားမိတဲ့ Argo တို့ အဆုံးသတ် သွားခဲ့ပေမယ့် Volkswagen တို့ရဲ့ မောင်းသူမဲ့ ကားဇာတ်လမ်းကတော့ အဆုံးမသတ်သေးပဲ လာမယ့် ဆယ်စုနှစ် အဆုံးမှာတင် မောင်းသူမဲ့ကားတွေ ထိပ်တန်းရောက်ဖို့ ပစ်မှတ်ထားထားပါတယ်။ လက်ရှိ မှာတော့ VW ရဲ့ Boss ဖြစ်သူ Thomas Schafer ကတော့ အခုလို မောင်းသူမဲ့ ကားလောကအတွင်း အဓိက အခက်အခဲ တစ်ချို့ ရှိနေပေမယ့်လည်းအစောပိုင်းကတည်းက ဝင်ရောက်ထားပြီးသား ဖြစ်တာကြောင့် မရပ်ပဲဆက်ပြီး အောင်မြင်အောင် လုပ်သင့်တယ်လို့ပဲ မှတ်ချက်ပြုထားပါတယ်။

Photo Credit: motor 1.com

AutoCar သတင်းကို Schafer ရဲ့ ပြောကြားချက်ထဲမှာတော့ မောင်းသူမဲ့ကားလောက က တကယ်ကို အာရုံစိုက်သင့်တယ်လို့ဆိုထားပြီး ဦးသူအကုန်ယူရယ်လို့ မဟုတ်ပေမယ့်လည်း စောစောနေရာ ဦးထားသင့်တဲ့ ကားလောက အသစ်တစ်နေရာ ဖြစ်တယ်လို့လည်း ထောက်ပြထားတာပါ။ စိတ်ဝင်စားဖို့ကောင်းတာကတော့ Volkswagen အနေနဲ့ သူတို့ရဲ့ မောင်းသူမဲ့ကားလောကအတွက် စီးပွားရေးလုပ်ငန်းသုံး ကားအမျိုးအစား တွေ ဘက်ကို ပိုပြီး အားစိုက် ပေးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ လုပ်ငန်းပိုင်းကနေ ID.Buzz ကားလေးကိုမှ မောင်းသူမဲ့ အဖြစ် စမ်းသပ်နေတာ ဖြစ်ပြီး Robotaxi လုပ်ငန်းနဲ့ Delivery ကားလေး အဖြစ် အခု ဆယ်စုနှစ် အလယ် လောက်မှာ စတင် အသုံးပြုလာနိုင်ပါတယ်။ လောလောဆယ်တော့ အစောပိုင်း လေ့လာစမ်းသပ်တဲ့ အဆင့်တွေပဲ ရှိသေးတယ် ဆိုပေမယ့် ကားမှာ စတီယာတိုင် လုံးဝ လိုမလို ဆိုတာ တွေကိုပါ ထည့်တွက်နေတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

လက်ရှိမှာတော့ အဆိုပါ ID.Buzz ကားကို အခြေခံထားတဲ့ မောင်းသူမဲ့ယာဉ်ကို ဂျာမနီ နိုင်ငံ ၊ ဟမ်းဘတ်မြို့မှာ စတင် စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။ တကယ်လို့ စီစဉ်ထားတဲ့ အတိုင်းသာစမ်းသပ်မှုတွေ အဆင်ပြေခဲ့ မယ်ဆိုရင် အဆိုပါ ဝန်ဆောင်မှုကို ဥရောပနဲ့ မြောက် အမေရိက ဒေသတစ်လွှားက မြို့ပေါင်း ၅၀ ကျော်မှာ လာမယ့် ၂၀၃၀ အမှီ စတင် ပေးနိုင်မှာပါ။ အဆိုပါ အချိန်ရောက်ရင်လည်း Volkswagen အနေနဲ့ မောင်းသူမဲ့ ကားလောကထဲမှာ အဓိက ဦးဆောင်သူ ဖြစ်လာနိုင်ဖို့ အထိ ကုမ္ပဏီက ပစ်မှတ်ထား ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version