MyCars Myanmar

အသစ်ဈေးထက် ပိုများနေတဲ့ Nissan Leaf နဲ့ Chevrolet Bolt လျှပ်စစ်ကား တစ်ပတ်ရစ် ဈေးနှုန်းများ!

၂၀၂၂ လည်း တဖြည်းဖြည်းနဲ့ ကုန်ခါနီးလာခဲ့ပြီ ဖြစ်တာကြောင့် ကားဈေးကွက်တွေထဲက အရောင်းအဝယ်တွေ ကလည်း ပိုပြီးခပ်သွက်သွက် ဖြစ်လာခဲ့ပါတယ်။ iSeeCars ရဲ့ လေ့လာချက်တွေအရတော့ မနှစ်က ကာလတူနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လျှပ်စစ်ကားတွေရဲ့ တစ်ပတ်ရစ် ဈေးနှုန်းကကိုပဲ ၅၄.၃ % လောက် အထိကို တက်လာ ခဲ့တယ်လို့ သိရပါတယ်။ ဒါတောင်မှ အဆင့်မြင့်ဆုံးသော Premium Model တွေ မဟုတ်သေးပဲ အမေရိကလို ဈေးကွက်ထဲက ဈေးအသက်သာဆုံး လျှပ်စစ်ကားတွေ ဆိုရင်တောင် အတော်လေးကို ဝယ်လိုအား မြင့်တက်လာ နေတာ ဖြစ်ပြီးအသစ်ထက်ကိုပဲ ပိုရောင်းနေရတာ ဖြစ်ပါတယ်။ အဆိုပါ ရောင်းအားကောင်း စာရင်းထဲ အဓိက ပါနေတာကတော့ Nissan Leaf နဲ့ Chevrolet Bolt EV တွေပဲ ဖြစ်ကြပါတယ်။ Leaf တစ်ပတ်ရစ် ကားတစ်စီးရဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀၂၂ အထိ ရောင်းဈေးက $28,787 အထိရှိခဲ့ပြီး Bolt EV ကလည်း $ 28,291 အထိကို ဈေးပေါက် နေခဲ့ပါတယ်။ Leaf အတွက်ကတော့ မနှစ်က ဈေးတွေနဲ့ ယှဉ်မယ်ဆိုရင် $ 8,930 ခန့် (၄၅%) လောက်ကို ပို ဈေးတက်လာတာဖြစ်ပြီး Bolt ကတော့ ၂၉.၃% နဲ့ $ 6,417 လောက် အထိ ဈေးတက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ရာခိုင်နှုန်းတွေ အရလည်း အခု လျှပ်စစ်ကား ၂ စီးက နှစ်တစ်နှစ်နဲ့ တစ်နှစ်အကြား အကြီးမားဆုံး ရောင်းအားတက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Brand New 2023 Leaf ကားကလည်း $ 27,800 အထိ ရှိထား ပြီး အခွန်အခတွေ ပေါင်းလိုက်ရင်တောင်မှ $ 28,895 ကျသင့်နေတာကြောင့် တစ်ပတ်ရစ်ကားနဲ့ ဈေးအတူတူ လောက်တောင် ဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း Chevrolet ကပါ Bolt ကား အတွက်ပါ ဈေးနှုန်း လေးတွေ အနည်းငယ် မြှင့်တင်ထားပြီး 2023 Bolt ဆိုရင် $ 25,600 ကနေစထားပြီ ဖြစ်ပါတယ်။ အခွန်အခတွေ ထပ်‌ပေါင်းမယ် ဆိုရင်တော့ $ 26,595 အထိ မြင့်တက်လာမှာပါ။ ဒီလို မြင့်တက်လာတာတောင်မှ အဆိုပါ ကားအသစ်ရဲ့ ဈေးက တစ်ပတ်ရစ် တစ်စီး ရဲ့ $ 1,969 လောက်ကို လျော့နည်းနေဆဲ ဖြစ်ပါတယ်။ အခု အချိန်မှာတော့ တစ်ပတ်ရစ်ကား တွေနဲ့ ကားသစ်တွေ မော်ဒယ်တူကို ဈေးယှဉ်ကြည့်ထားတာ ဖြစ်ပေ မယ့်လည်း တစ်ဖက်မှာတော့ ကားသစ်တွေ အတွက် ဆက်လက် လျော့နည်း ရှားပါးနေဆဲဖြစ်တဲ့ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုတွေကြောင့် MSRP ‌ဈေးတွေ တွက်ကြည့်ဖို့ရာ ခက်ခဲနေသေးတာကို သတိပြုရမှာပါ။ ဒါ့အပြင် အခု iSeeCars ရဲ့ သုတေသန အချက်အလက်တွေ ကလည်း ပြီးခဲ့တဲ့ ၁၂ လ တာ ကာလအတွင်းက ၁၃.၈ သန်းသော တစ်ပတ်ရစ် ကားအစီးရေအချက်အလက်တွေ ကိုအခြေခံ ထားတာပါ။

Photo Credit: motor 1.com

သေချာ သုံးသပ်ကြည့်မယ် ဆိုရင်တော့ လက်ရှိ လျှပ်စစ်ကားတိုင်းရဲ့ ဈေးနှုန်းတွေက သာမန် အင်ဂျင်တပ်ကားတွေ ထက်ကို ပိုများနေတာပါပဲ။ လက်ရှိမှာ လျှပ်စစ်ကား ဈေးတွေက မနှစ်ကထက် ၅၄.၃% လောက် အထိကို ဈေးတက် လာတယ် ဆိုပေမယ့် တစ်ဖက်က သာမန်အင်ဂျင်သုံး ကားတွေကတော့ ၁၀.၁% လောက်သာ ဈေးတက်နေခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလပိုင်း လောက်ကတည်းက သာမန်အင်ဂျင် နဲ့ ကားတွေ ဈေးကျပြီးငြိမ်လာခဲ့ ပေမယ့် နိုင်ငံတကာ ဈေးကွက်ရဲ့ လျှပ်စစ်ကား ဈေးတွေကတော့ တစ်ဟုန်ထိုး ဆက်လက် မြင့်တက်နေခဲ့ သေးတာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘာကြောင့် လျှပ်စစ်ကားတွေမှာမှ ဈေး တက်နေရသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကယ်တမ်း ကတော့ သာမန်အင်ဂျင်နဲ့ ကားတွေအတွက် လောင်စာဆီ စရိတ်စကတွေ မြင့်တက်နေတာ အပြင် ကုန်ကြမ်း ထောက်ပံ့မှုတွေကလည်း ပိုမို လျော့နည်း ခက်ခဲလာနေလို့ ဝယ်ယူမှု လျော့ကျလာတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကလို ဈေးကွက်ထဲမှာ ဆိုရင်တော့ ပိုပိုပြီး ချဲ့ထွင်လာနေတဲ့ လျှပ်စစ်ကား အားသွင်း ကွန်ရက်တွေက ပိုအဆင်ပြေတာ ကြောင့်လည်း လျှပ်စစ်ကားတွေဘက်ကို ပိုအဝယ်လိုက်နေခဲ့တာပါ။ ဒါပေမယ့် အခုလို ဈေးနှုန်း ထပ်တက်နေခဲ့မှုတွေက ဘယ် အချိန်လောက်အထိ ဆက်ဖြစ်နေဦးမလဲ ဆိုတာ အတိအကျ မသိနိုင် သေးတာကြောင့် ဆက်လက် စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version