MyCars Myanmar

ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ကားထုတ်လုပ်ရေးတွေ ခေတ္တရပ်နားထားရတဲ့ Toyota!

ဒီကနေ့ မတ်လ ၁ ရက်နေ့ ၊ အင်္ဂါနေ့ကစလို့ ဂျပန်နိုင်ငံ အတွင်းမှာရှိတဲ့ Toyota ကားစက်ရုံ အားလုံးကို ကား ထုတ်လုပ်မှုတွေကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်ခံရမှု ကြုံတွေ့ခဲ့ရတာ ဖြစ်တယ် လို့ ကုမ္ပဏီက တရားဝင် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုလို ခေတ္တရပ်နားတာမျိုးကတော့ အမေရိကန် နိုင်ငံ ၊ ကန်တက်ကီ ပြည်နယ်က စက်ရုံတွေမပါဝင်ပဲ အဆိုပါ စက်ရုံတွေမှာ ဆိုရင်တော့ Camry ၊ RAV 4 နဲ့ Lexus ES တွေနဲ့ အခြားသော ကားအတော်များများကို ထုတ်လုပ်နေခဲ့တာပါ။ ဒါပေမယ့် ဂျပန်မှာ အခုလို ခေတ္တပိတ်ချလိုက်ရတာ ကြောင့် ၁၃,၀၀၀ လောက်သော ကားအသစ်တွေ ဆက်လက် မထုတ်လုပ်နိုင် သေး ဘူးလို့ အဓိပ္ပါယ်ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ကတော့ ဂျပန် နိုင်ငံတွင်းက တိုယိုတာပိုင် ကားစက်ရုံ ၁၄ ရုံထဲက Assembly Line ပေါင်း ၂၈ အခု အထိ ကို ထိခိုက်တာဖြစ်ပြီး အဓိက အကြောင်းအရင်း တစ်ရပ်က တော့ကုမ္ပဏီရဲ့ Supplier လုပ်ငန်းတစ်ခုဖြစ်တဲ့ Kojima Industries Corporation ဆီက System တစ်ခု ချို့ယွင်း သွားတာကြောင့်လို့ သိရပါတယ်။ Nikkei Business Daily သတင်းရဲ့ ဖော်ပြချက်မှာ ဆိုရင်တော့ တကယ်တမ်းက System ချို့ယွင်းတာမျိုး မဟုတ်ပဲ မသိသေးတဲ့ နေရာ တစ်နေရာကနေ ဆိုက်ဘာတိုက် ခိုက်မှုခံရတာကနေစတာလို့ သိရပါတယ်။ အဆိုပါ Supplier လုပ်ငန်းနဲ့ အဓိကသက်ဆိုင် နေသူတစ် ယောက် ကလည်း သူတို့အနေနဲ့ ဆိုက်ဘာ တိုက်ခိုက်မှုကို ကြုံခဲ့ရတာဖြစ်တယ် ဆိုတာကို အတည်ပြု ပေး ထားပါတယ်။

Photo Credit: CARBUZZ

Toyota ဘက်ကတော့ အခုလို ဆိုက်ဘာတိုက်ခိုက်ခံ ရတာနဲ့ ပတ်သက်ပြီး အကြောင်းရင်းကို အမြန် စုံစမ်း စစ်ဆေး ကာ အမြန်ဆုံး ပြန်လည်လည်ပတ် နိုင်အောင် ကြိုးစားနေပြီး ကားထုတ်လုပ်ရေးတွေ ဆက်လက် လည်ပတ်နေဖို့က အဓိက ဦးစားပေးပါလို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ တော့ အခုလိုမျိုး အမည် မသိတိုက်ခိုက်တာမျိုးကို ကြုံရတယ်ဆိုပေမယ့်လည်း Supplier အစုံနဲ့ ဆက်လက် လက်တွဲလုပ်ကိုင် သွားဦးမှာ ဖြစ်ပြီး Customers တွေ မှာယူထားတဲ့ ကားအသစ်တွေကို အမြန်ဆုံးရအောင် ဖန်တီးပေးပါမယ်လို့လည်း ကတိပေးထားတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ စက်ရုံတွေကို တစ်ရက်တည်းပဲ ခေတ္တပိတ်မှာ ဖြစ်တယ်လို့ သိရပြီး ၂၄ နာရီ အတွင်း ဆိုက်ဘာ တိုက်ခိုက်မှုကို ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။ အဆိုပါ Kojima စက်ရုံကနေတော့ Inverter Covers တွေ ၊ တံခါး ဘောင်နဲ့ ထည့်စရာနေရာတွေ ၊ ဖန်ခွက်ထည့်တဲ့ နေရာတွေအပြင် ဘက်ထရီ Pack နဲ့ အင်တာနာ Modules တွေလိုမျိုး အရေးကြီးတာတွေကို ချည်းပဲ တည်ဆောက် ပေးနေတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခုလို ကြုံတွေ့ နေရတာကတော့ Semiconductor Chip ပြား ပြတ်လပ်မှုပြဿနာအပြီး နောက်ပိုင်း ကုမ္ပဏီအဖို့ အထူးခြားဆုံး ကြုံတွေ့နေရတဲ့ ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုထူးခြားတာကတော့ အခုခဏ ရပ်နားထားလိုက်ရတဲ့ စက်ရုံတွေကထုတ်မယ့် အစိတ်အပိုင်းတွေကလည်း အရေးပါတဲ့ ပစ္စည်းတွေ ချည်းပဲ ဖြစ်နေခဲ့တာပါ။ ဒါတင်မကသေးပဲ Heated ထိုင်ခုံလိုမျိုးတွေကအစ အကုန်လုံး Chip ပြားတွေ လိုအပ်နေတာကြောင့် တော်တော်လေး အခက်အခဲ ဖြစ်နေခဲ့ ရတာပါ။ Toyota လည်း အခြား သော ကား ထုတ်လုပ်ရေး လုပ်ငန်းတွေလိုပဲ ထုတ်လုပ်ရေးပိုင်းတွေ တစ်စထက်တစ်စ နှေးကွေးလာနေရတာ ပြီးခဲ့တဲ့ နှစ်ကတည်းက ဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါ ကလည်း အဆုံးမသတ် နိုင်သေးတာကြောင့် အဆင်မပြေသေးပါ ဘူး။ အခုနှဟ်အစောပိုင်း တုန်းကတော့ မြောက်အမေရိက နဲ့ ကနေဒါ ရဲ့ ထုတ်လုပ်ရေး လုပ်ငန်း ပိုင်းတွေမှာ လည်း ဆန္ဒပြမှုတစ်ချို့ကြောင့် ရပ်နားခဲ့ရတာတွေရှိသလို အခုလည်း တစ်မူထူးခြားတဲ့ ဆိုက်ဘာတိုက်ခိုက်မှု ကိုပါ ဆက်လက် ရင်ဆိုင်နေတော့တာပါ။ အခု နောက်ဆုံး အွန်လိုင်း တိုက်ခိုက်မှုကတော့ အခြားသော ကား ကုမ္ပဏီတွေလည်း အတော်လေး သတိပြုရမယ့် အချက် အဖြစ်တော့ မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version