MyCars Myanmar

၉၀ ပြည့်နှစ်တွေ ဆီက ဂျပန်ဇိမ်ခံ ကားအရသာကို မြင်ယောင်မိစေမယ့် Toyota Century V12!

ကား ကုမ္ပဏီတွေရဲ့ Flagship အဆင့် ထိပ်တန်းကားတွေ အကြောင်းကို ပြောကြမယ် ဆိုရင်တော့ နာမည်ကျော် Toyota တို့မှာ ဂျပန်ပြည်တွင်း ဈေးကွက်အတွက်ပဲ သီးသန့်ထုတ်ပေးထားတဲ့ Century ဆိုတဲ့ ကားကောင်းတစ်မျိုး ရှိခဲ့ဖူးတာကို သတိရမိမှာ သေချာပါတယ်။ အထူးအရေးကြီး ပုဂ္ဂိုလ်တွေနဲ့ အစိုးရ အဖွဲ့ဝင်တွေအတွက် ထိပ်တန်း ကား တစ်စီးအဖြစ် အသုံးပြုခဲ့တဲ့ အဆိုပါ ကားကိုတော့ ၁၉၆၀ ဝန်းကျင်ကျော် လောက် ကတည်းက ဂျပန် ဈေးကွက် ထဲမှာ အမြင့်ဆုံး ကားနာမည် တစ်ရပ်အနေနဲ့ ရပ်တည်လာခဲ့တာပါ။ အခုဆိုရင်တော့ အဆိုပါ ကားတွေထဲက တစ်စီးက PacificCoastAuto လေလံပွဲဆီကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခု မြင်ထားရတဲ့ကားကတော့ ဒုတိယ မြောက် မျိုးဆက်ကားဖြစ်လို့ ဆယ်စုနှစ် ၂ ခု လောက်ကို သက်တမ်းရှိနေပြီ ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကားရဲ့ မျိုးဆက်သစ် မော်ဒယ်ကို ၂၀၁၇ တုန်းက Toyota ကားပြပွဲမှာ ချပြခဲ့ချိန်အထိ အခု ကားကို ဈေးကွက်ထဲ ဆက်လက် ရောင်းချနေခဲ့ဆဲလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု မြင်နေရတဲ့ ဒုတိယမြောက်မျိုးဆက် Century ကားကို အဓိက ကွဲထွက် နေစေတာကတော့ အင်ဂျင်ပိုင်းဖြစ်ပြီး 5.0 Liter V12 Engine ကြီး သုံးပေးထားတာပါ။ အဆိုပါ ကားကလည်း Toyota မူလ စက်ရုံ ထုတ်တွေထဲမှာ V 12  Engine နဂို ပါဝင်ထားတဲ့ တစ်မျိုးတည်းသော ကားဖြစ်ပြီး အထူးသဖြင့် ဥရောပရဲ့ Flagship ကားကောင်း တွေဖြစ်ကြတဲ့ Rolls-Royce နဲ့ Bentley တို့ကို ယှဉ်နိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ကားကတော့ စွမ်းဆောင်ရည် အများကြီး ဖြစ်‌မနေပဲ အဓိက ကတော့ ဇိမ်ခံအရသာ ပိုကောင်းတဲ့ အမြင့်စီးကား တစ်စီးအနေနဲ့ ပိုရပ်တည် ခဲ့ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက အဆိုပါ ကားမျိုးဆက်ကပဲ V12 Engine သုံးထားတဲ့ နောက်ဆုံး သော Century ကားမျိုးဆက်ဖြစ်ခဲ့ပြီး နောက်ပိုင်း တတိယမြောက် မျိုးဆက်မှာဆိုရင် Hybrid V8 Engine ပြောင်းသုံး ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခု အမေရိက ဈေးကွက် လေလံပွဲ တစ်ခုမှာ ရောက်နေတဲ့ ကားကို လေလံ အောင်သူ ဘယ်သူမဆို တကယ်သမိုင်းဝင်မှတ်တမ်းတစ်ရပ် စိုက်ထူသွားနိုင်မှာပါ။

Photo Credit: motor 1.com

အခု ကားကို ကြည့်လိုက်တာနဲ့တင် တန်းခံစားမိစေမယ့် တစ်ချက်ကတော့ ၉၀ ခုနှစ်တွေတုန်းက ဇိမ်ခံ ကားအရသာ က ဘယ်လိုမျိုးလဲ ဆိုတာကိုပါပဲ။ သူ့ခေတ်သူ့အခါနဲ့ဆိုရင် နည်းပညာ တော်တော်မြင့်နေပြီဖြစ်တဲ့ အပူ‌အအေးပေးစနစ် ကိုမှ ပုံစံမှတ်ထားလို့ရတဲ့ ထိုင်ခုံတွေ Standard အနေနဲ့ ပါဝင်ထားတာဖြစ်ပြီး Cellular ဖုန်းနဲ့ TV တွေပါ ပါနေပြီးသားဖြစ်ပါတယ်။ ကားရဲ့ အဓိက ထိုင်ခုံမှာလည်း အတော်လေး သက်တောင့် သက်သာ ဖြစ်စေမယ့် Recliner လည်းပါဝင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု Century V 12 ကားကြီးက အကောင်းဆုံး အချိန်တစ်ရပ်မှာ မရှိတော့တာတော့ လက်ခံရမှာပါ။ ကားအရောင်လည်း နဂိုကလိုတော့ အရမ်းကြီး မတောက်ပနေတော့သလို ဘီးတွေမှာလည်း ခရီးများများ မောင်းထားပြီးပြီဆိုတဲ့ အရာလေးတွေက ပြသနေပါသေးတယ်။ ဒါ့အပြင် ကားရဲ့ မှတ်တမ်းတွေ အရတော့ Trunk Cover က ပြန်လည် လဲလှယ် ထားတယ်လို့သိရပြီး နဂို မူလပစ္စည်းတော့ မဟုတ် တော့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version