MyCars Myanmar

Tesla Model 3 ကို အဓိက ယှဉ်ပြိုင်လာမယ့် Toyota ရဲ့ bZ3 လျှပ်စစ် Sedan ကားသစ်!

လျှပ်စစ် ကားတွေအဖြစ် တစ်ကမ္ဘာလုံးကူးပြောင်းလာကြပေမယ့် နာမည်ကျော် Toyota တို့ကတော့ ဒီအပိုင်းမှာ သိပ်ပြီး စိတ်ဝင်တစား မရှိဘူးဆိုတာ အားလုံးသိအောင် ချပြထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Brand ကို အမြဲ အားပေးသူတွေရဲ့ အသံတွေကို နားထောင်ပြီး ဈေးကွက် လိုအင်နောက်ကိုတော့ စပြီး လိုက်လာနေခဲ့ပါပြီ။ အခု ဆိုရင်လည်း တရုတ်နဲ့ ဥရောပ ဈေးကွက်တွေထဲက Tesla ရဲ့ လျှပ်စစ် ‌ကားဈေးကွက် ‌စိုးမိုးထားမှုကို ထိပ်တိုက် ယှဉ်ပြိုင်နိုင်မယ့် လျှပ်စစ် Sedan ကားသစ်တစ်စီးကို Toyota တို့ မကြာခင် မိတ်ဆက်ပေးလာဖို့ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ လျှပ်စစ် ကားလောကထဲကို ခပ်နှေးနှေးပဲ ဝင်ရောက်လာတာဖြစ်လို့ သူတို့ရဲ့ ကိုယ်ပိုင် လျှပ်စစ်ကား Platform ကိုပါ ဖန်တီးလာခဲ့ပြီး အဆိုပါ Platform နဲ့ပဲ Toyota EV တွေကို ဖန်တီးဖို့ ရှိနေပါတယ်။ အဆိုပါ E-TNGA ဆိုတဲ့ Platform ကတော့ နောင်ထွက်လာဉီးမယ့် Toyota လျှပ်စစ်ကားတိုင်းအတွက် အခြေခံအဖြစ် သုံးမယ့် Platform ပါပဲ။

Photo Credit: InsideEvs

e-TNGA Platform ရဲ့ ပွဲဦးထွက် ကား ကတော့ bZ4X ဆိုတဲ့ Compact SUV ကားပဲ ဖြစ်ပါတယ်။ တကယ်တော့ အခု ဆိုရင် အဆိုပါ SUV ကားကိုပဲ အသစ်ထပ်ထုတ်ပေးတော့မှာဖြစ်ပေမယ့် ကမ္ဘာ့ ဈေးကွက်တွေ ထဲကို ရောက်လာဖို့ နှောင့်နှေးဦးမှာပါ။ အကြောင်းကတော့ အဆိုပါ ကားတစ်ချို့ကို ဘီးတပ်ဆင်ထားတဲ့ အပိုင်းမှာ ပြဿနာတစ်ချို့ ရှိနေတဲ့အတွက် ပြန်လည် သိမ်းဆည်းထားရလို့ပါပဲ။ Toyota ရဲ့ CEO နဲ့ ဥက္ကဌ ဖြစ်သူ Akio Toyoda ကလည်း မနှစ်ကထွက်ခဲ့တဲ့ bZ4X ကားအပြီးမှာ လျှပ်စစ် ကားသစ်တွေ ဆက်တိုက် ထွက်လာဦးမှာ ဖြစ်တယ်လို့ အတည်ပြု ပေးထားပြီး ဖြစ်ပါတယ်။ အဆိုပါ ကားတွေထဲက တစ်စီးကတော့ bZ နာမည်နဲ့ပဲစမယ့် Sedan တစ်စီး ဖြစ်ကာ လတ်တလောမှာ Concept ပဲ မြင်ထားရသေးပေမယ့် ကုမ္ပဏီဘက်က bZ3 အဖြစ် အမည်ပေးလာဖို့ကတော့ သေချာ သလောက် ရှိပါတယ်။ အဆိုပါ Sedan ကားက တရုတ်ကားဈေးကွက်ထဲ မကြာမီကိုပဲ ဝင်လာတော့မှာ ဖြစ်ပါတယ်။ Sport ဆန်ဆန် Sedan ‌တွေ ရောင်းအား ကောင်းနေတဲ့ တရုတ် ကားဈေးကွက်ထဲ အခုကားလည်း ရောင်းအား ကောင်းလာလိမ့်မယ်လို့ မျှော်လင့် ရပြီး ဥရောပ ဈေးကွက်ကိုတော့ လာမယ့် ၂၀၂၄ အစောပိုင်း လောက်မှာ ရောက်လာဖို့ ရှိပါတယ်။ လက်ရှိ ကားဈေးကွက်တွေထဲမှာတော့ Tesla နဲ့ ဈေးကွက်လုရမယ့် လျှပ်စစ်ကား တွေလည်း အတော်များလာနေပြီး Toyota ကလည်း တစ်ခုအပါအဝင် ဖြစ်လာတော့မှာပါ။

 

တရုတ်ရဲ့ စက်မှုနဲ့နည်းပညာ ဝန်ကြီးဌာနကနေ ပေါက်ကြားလာတဲ့ တစ်ချို့ အချက်အလက်တွေ အရတော့ bZ3 ကားသစ်ဟာ 178 hp ဒါမှမဟုတ် 238 hp အထိကို စွမ်းဆောင် နိုင်မယ်လို့ သိရပါတယ်။ ကားရဲ့ အလေးချိန် ကတော့ ၁၇၁၀ ကနေ ၁၈၄၀ ကီလိုဂရမ်အထိ ရှိလာနိုင်ကာ အမြင့်ဆုံး မြန်နှုန်းကလည်း တစ်နာရီကို ၉၉ မိုင် လောက် အထိ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်တွင်း ကုမ္ပဏီ BYD နဲ့ Toyota တို့ ကလည်း ပူးပေါင်း ထားတာဖြစ်ပြီး bZ3 ကားသစ်မှာ ဆိုရင် အဆိုပါ ကုမ္ပဏီရဲ့ Blade Lithium Iron Phosphate ဆိုတဲ့ ဘက်ထရီ နည်းပညာသစ်တွေ စသုံးလာနိုင်ပါတယ်။ ဘက်ထရီ နည်းပညာအရတော့ သိပ်သည်းဆပိုများမှာ ဖြစ်တဲ့အတွက် ယခင် ဘက်ထရီတွေထက် ပိုပြီးလည်း လုံခြုံစိတ်ချရတယ်လို့ သိရပါတယ်။ စွမ်းအင်ကို ပိုပြီး သိပ်သည်းဆများများ နဲ့ သိုလှောင်နိုင်တဲ့ ဘက်ထရီတွေက အရွယ်အားဖြင့်လည်း ပိုသေးလာလေ့ ရှိတာကြောင့် ကားသစ်မှာတော့ အတွင်းခန်း ခပ်ကျယ်ကျယ်လည်း ပါလာလိမ့်မယ်လို့ မျှော်လင့်ရမှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs

Exit mobile version