MyCars Myanmar

ကလေး‌တွေ အတွက် ထုတ်ထားတဲ့ Tesla Cyberquad ယာဉ်လေးတွေကို လုံခြုံရေးပိုင်းကြောင့် ပြန်လည်သိမ်းဆည်း!

Tesla အနေနဲ့ ၂၀၁၉ တုန်းက မိတ်ဆက်ခဲ့တဲ့ Cybertruck ကား ဒီဇိုင်းကို ပုံစံတူ အရွယ်အစားပဲ ပြောင်းပြီး ကလေး အတွက် Cyberquad ဆိုတဲ့ နာမည်နဲ့ပြီးခဲ့တဲ့ ၂၀၂၁ နှောင်းပိုင်းမှာ ထုတ်ပေးခဲ့ပါတယ်။ အသက် ၈ နှစ်နဲ့ အထက် ကလေးတွေ အတွက် ရည်ရွယ်ထားတဲ့ အခု ယာဉ်လေးတွေကိုတော့ $ 1,900  နဲ့ ရောင်းချခဲ့ပြီး အတော်လေးလည်း ရောင်းရခဲ့ ပြန်တာပါ။ ဒါပေမယ့် လျှပ်စစ် Mini-ATV အမျိုးအစားဖြစ်တဲ့ အဆိုပါ ယာဉ်လေးတွေ အတွက် သတင်းကောင်းလေးတွေကတော့ ရပ်တန့်ခဲ့ရပြီဖြစ်ပြီး အခုဆိုရင် အဆိုပါယာဉ်တွေမှာ အန္တရာယ်ဖြစ်စေ နိုင်တဲ့ အနေအထား တစ်ချို့ရှိတယ်ဆိုတဲ့ လုံခြုံရေးအကြောင်းပြချက် တစ်ချို့နဲ့ ပြန်လည်သိမ်းဆည်း ရတော့မှာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

အခုလို ပြန်လည် သိမ်းဆည်းရမယ့် ယာဉ်တွေထဲမှာတော့ တရုတ်ကနေ အမေရိကကို တင်ပို့ထားတဲ့ယာဉ်တွေ အကုန် ပါဝင်လာမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ မိမိ သဘောဆန္ဒအရပဲ လာရောက်အပ်နှံရမယ့် Voluntary Recall အဆင့်ပဲ သတ်မှတ် ပေးထားပါသေးတယ်။ အခု အကြောင်းကြားစာတွေထဲမှာတော့ အမေရိကရဲ့ ATV ယာဉ်တွေ စည်းကမ်း နဲ့ မကိုက်ညီလို့ လို့ ဆိုထားပေမယ့် တကယ်တမ်းမှာတော့ အခုလို ကလေးဆီ ယာဉ်တွေနဲ့ သိပ်ပြီး မသက် ဆိုင်တာကြောင့်အနည်းငယ်တော့ ရှုပ်ထွေးလို့နေပါတယ်။ အခု ကိစ္စမှာတော့ ယာဉ်ကို စီးနင်းမယ်ဆိုရင် လိုက်နာ ရမယ့် လိုအပ်ချက်တွေဖြစ်တဲ့ လေ့ကျင့်ပေးချိန် အရင်ပေး တာ ၊ လုံခြုံရေးစည်းကမ်းတွေကို ကလေးတွေကို သင်ကြားပေးတာတွေ ၊ အသက်အရွယ် ကန့်သတ်တာတွေနဲ့ အခြားအချက်အလက်တွေ အတော်များများ ပါဝင် နေပါတယ်။ အဓိက ကတော့ အခု ယာဉ်တွေကနေ တစ်ဆင့် ကလေးတွေအတွက် အသက်အန္တရာယ်ရှိနိုင်တဲ့အထိ ထိခိုက်မှုတွေ မဖြစ်လာအောင်ကာကယ်ပေးဖို့ အခုလိုစည်းမျဉ်း တွေချမှတ်ပေးထားတာပါ။ ဒါပေမယ့် အခုလို ပြန်လည်သိမ်းဆည်းပြီးရင် ဆက်မသုံးဖို့ အတွက်ကိုပဲ အကြောင်းကြားထားပြီးကုမ္ပဏီ ဆီကနေ ငွေပြန်တောင်းဖို့ပဲ လမ်းညွှန်ထားတာကိုလည်း တွေ့ရပါတယ်။

Photo Credit: InsideEvs

ဒါ့အပြင် အခု ယာဉ်အတွက် Motor Controller ကို ဘယ်လိုဖြုတ်ကာ ၊ ဘယ်လို ပြန်အပ်ရမယ်ဆိုတဲ့ လမ်းညွှန် တွေကိုလည်း သေချာရှင်းပြထားပါသေးတယ်။ အခုလို ပြန်လည် သိမ်းဆည်းဖို့ ညွှန်ကြားထားတဲ့ CPSC ရဲ့ ပြောကြားချက် အရတော့ အခုယာဉ်ကြောင့် မတော်တဆ ထိခိုက်မှုတစ်ရပ် ကြားသိထားရပြီး ၈ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ၃၆ နှစ်ယောက် လူကြီးတစ်ယောက်တို့ စီးနင်းနေကြစဉ် ဖြစ်ပွားခဲ့တာပါ။ အဆိုပါ မတော်တဆ ကြောင့် လူကြီးရဲ့ ဘယ်ဖက်ပုခုံး ဒဏ်ရာ ရခဲ့ပါတယ်။ အခု ကိစ္စမှာတော့ စက်ပစ္စည်းကြောင့် မဟုတ်နိုင်ပဲ လူကြီးစီးဖို့ မဟုတ်တာ နဲ့ ၂ ယောက် မစီးသင့်တာတွေကပဲ အဖြေပိုဖြစ်သင့်တာ တွေ့ရ မှာပါ။ ဒါပေမယ့် အခုဆိုရင်တော့ ပြန်လည် သိမ်းဆည်းရဖို့ ပဲရှိနေပြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာကတော့ သိမ်းဆည်းရမယ့်ပစ္စည်းတိုင်းကို တရုတ်နိုင်ငံရဲ့ Feishen Vehicle Industry ကနေ ထုတ်လုပ်ပေးထားတာ ပါပဲ။ တစ်ချိန်တည်းမှာပဲ အဆိုပါ ထုတ်ကုန်တွေ အတွက်ကို Tesla website မှာလည်း ဖယ်ရှားထားလိုက်ပြီ ဖြစ်နေပါပြီ။

Ref: InsideEvs

Exit mobile version