MyCars Myanmar

လိပ်လေးတွေ ကယ်ဆယ်ရေးမှာ အသုံးချဖို့အတွက် Sportage X-Pro ကားတစ်စီးလှူခဲ့တဲ့ Kia!

Sportage X-Pro ပေါ်မှာ အခြေခံ ပြင်ဆင်ထားတဲ့ လမ်းကြမ်း မောင်းအသားပေး ကားတစ်စီးကိုတော့ ပင်လယ်လိပ်လေးတွေ ကယ်ဆယ်ရေးအတွက် ဆောင်ရွက်ပေးနေတဲ့ Sea Turtle Inc. ကုမ္ပဏီဆီကို Kia တို့က လှူဒါန်းခဲ့ပါတယ်။ အဓိက ကတော့ အခုလိုလုပ်ငန်းမှာ ကောင်းကောင်း အသုံးတည့်မယ့် ကားကိုမှ လှေကား ၊ အမိုးကိုင်းနဲ့ ပိုကြီးပြီး ဖိအားနည်းတဲ့ တာယာတွေနဲ့ သီးသန့်ပြင်ဆင်ပေးခဲ့တာကြောင့် ပင်လယ် လိပ်တွေ ကယ် ဆယ်ဖို့ ကမ်းခြေတစ်လွှား သွားလာရာမှာ ပိုအဆင်ပြေနေစေမှာ သေချာပါတယ်။

Photo Credit: AllAutoExperts

သီးခြား ကားတစ်စီးအဖြစ် အများကြီး ပြုပြင်ပေးထားတာကြောင့် Kia အနေနဲ့ ကားကို အစိမ်းရောင်လေး သုတ် ပေးထားတဲ့အပြင်၊ သီးသန့်ဆန်တဲ့ တံဆိပ်နဲ့ချိန်ညှိလို့ရသေးတဲ့ Tow Hitch တွေကိုလည်း ထည့်သွင်း ပေးထားလိုက်ပါတယ်။ ဒါ့အပြင် ပင်လယ်လိပ်တွေကို ရှာဖွေကယ်ဆယ်ရာမှာ အထောက်အကူ ဖြစ်စေမယ့် အနီရောင် မီးတွေကို သာမန်အဖြူရောင်ထက် ရွေးချယ်လို့ ရအောင်လည်း စီစဉ်ပေးထား ပါတယ်။ ဒါကြောင့်လည်း အခု Crossover မှာ ပုံမှန်ကားတွေလို မဟုတ်တဲ့ အနီရောင် LED မီးတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

Kia America ရဲ့ ဈေးကွက်ပိုင်းဆိုင်ရာ ဒုဥက္ကဌ ဖြစ်သူ Russell Wager ကတော့ Sea Turtle Inc ကုမ္ပဏီရဲ့ ကျွမ်းကျင် ပညာရှင်တွေနဲ့ အနီးကပ် ပူးပေါင်းကာ အခု ကားလေးကို တကူးတက ဖန်တီးခဲ့တာ ဖြစ်တယ် လို့ ဆိုထား ပါတယ်။ ပညာရှင်တွေဘက်က အမှန်တကယ် လိုအပ်မယ့် နည်းပညာ စွမ်းဆောင်ရည်ပိုင်းတွေ ၊ အသုံးဝင် မှုတွေနဲ့ လုပ်ငန်းပိုင်း ဆိုင်ရာတွေကို သေချာတွက်ချက် အသုံးချထားတာကြောင့် အတော်လေး ကို အသုံးတည့်မှာ လည်းသေချာ ပါတယ်။ ဒါ့အပြင် အခု Crossover ကားလေးက ပင်လယ်လိပ် ကယ်ဆယ်ရေး လုပ်ငန်းတွေကိုယခင် ကထက် ပိုမိုမြန်ဆန် အဆင်ပြေနေစေမှာ သေချာပြီး မနှစ်ကကယ်တင်နိုင်ခဲ့တဲ့ အန္တရာယ်ရှိ ပင်လယ်လိပ် အကောင်ရေပေါင်း ၅,၆၀၀ ထက် အခုနှစ်မှာ ပိုမို ကယ်တင် ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ Kia ရဲ့ အခုလို လှူဒါန်းမှုကတော့ The Good Campaign ဆိုတဲ့ ပရဟိတ လုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက် ခဲ့တာဖြစ်ပြီး အဓိက က Sea Turtle Inc လုပ်ငန်းရဲ့ အခြေခံ လိုအပ်ချက်တွေကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version