MyCars Myanmar

အပြီးတိုင် နှုတ်ဆက်ရတော့မယ့် Nissan Titan !

ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် ကတည်းက စတင်ထွက်ရှိခဲ့တဲ့ သက်တမ်းရင့် Nissan Titan ကားကြီးကိုတော့ အခု ဆိုရင် အပြီးတိုင် နှုတ်ဆက်ရတော့မယ့် ကာလကို ရောက်လာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ Nissan အနေနဲ့ အဓိက Truck ကားကြီး ပြိုင်ဘက် ၃ မျိုးနဲ့ မယှဉ်နိုင်တော့တာ သိသာလာခဲ့ရပါတယ်။ ဒါတင် မကသေးပဲ Ford နဲ့ Chevrolet တို့ဆီက လျှပ်စစ်ကုန်ကားတွေ ထုတ်ပေးလာနေပြီ ဖြစ်တာကြောင့် Nissan ရဲ့ Titan ကားတွေ အတွက်ကတော့ နောက်ဆုတ် ပေးရမယ့်နေ့တွေ ရောက်ကို ရောက်လာခဲ့တာပါ။ ဒါ့အပြင်အခု ကားနဲ့ တစ်နေရာတည်းမှာပဲ အခြေအနေ မကောင်းတဲ့ နောက်တစ်စီး အဖြစ် Toyota Tacoma လည်း ရှိနေသေးတာဖြစ်ပြီး အတည်မပြုနိုင်သေးတဲ့ အတွင်း သတင်းတစ်ရပ် အရတော့ Nissan ဟာ အခု Titan ကို လုံးဝ သက်တမ်းမရှိ တော့တဲ့ ကားတစ်စီး အဖြစ်ပဲရှုမြင်ထားပြီ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Automotive News ဆီကို ရောက်လာတဲ့ သတင်းတစ်ခုအရ ဆိုရင်တော့ အဆိုပါ ကားနေရာမှာ အစားထိုး ဖို့ မျိုးဆက်သစ် ဒါမှမဟုတ် ကားကိုပဲ အဆင့်မြှင့်တင် ထုတ်ပေးတာမျိုးတွေကိုလည်း မရှိတော့ဘူးလို့ သိ ထားရပါတယ်။ ဒါပေမယ့်လည်း Nissan ဆီက တရားဝင် ဖြေရှင်းချက် တစ်ရပ်ကတော့ လက်တွေ့သတင်း တွေနဲ့ ကွာခြားနေခဲ့ပြီး ကားကို အလွယ်တကူ မနှုတ်ဆက်ချင်သေးတဲ့ သဘောတွေ့နေရပါတယ်။ Nissan မြောက်အမေရိကရဲ့ ပြောရေးဆိုခွင့်ရသူ Brain Brockman ကတော့ Titan ကားကကုမ္ပဏီအတွက် အရေး ကြီးဆုံးသော ကားမော်ဒယ် တွေထဲက တစ်မျိုးအဖြစ် ရှိနေဆဲဖြစ်ပြီး ၂၀၂၂ မော်ဒယ်အပြင် နောက်ပိုင်း အတွက်လည်း အရေးပါနေဦးမယ်လို့ကို ပြန်လည်တုံ့ပြန်ထားတာပါ။ ဒါပေမယ့်လည်း လက်တွေ့မှာ Nissan ရဲ့ ရောင်းအားမှတ်တမ်းတွေကို ပြန်ကြည့်မယ် ဆိုရင်တော့ Titan က အရမ်းကြီး အရေးကြီးနေတယ် ဆိုတဲ့ အပိုင်းမှာတော့ရှိမနေပြန်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေ အတော် များများ မှာလည်း Titan ရဲ့ ရောင်းအားတွေက တဖြည်းဖြည်း အကျဘက်ကိုပဲ ရောက်လာနေခဲ့တာ ဖြစ်ပြီး ၂၀၂၁ ထဲမှာဆိုရင် အစီးရေ ၂၇,၀၀၀ ပဲ ရောင်း ခဲ့ရကာ ယခင် ၂၀၁၇ တုန်းက ဆိုရင်တော့ ၅၂,၉၂၄ စီးအထိ ရောင်းခဲ့ရတာကြောင့် သိသိသာသာကိုကျသွား ခဲ့ပါပြီ။

Photo Credit: CARBUZZ

လက်ရှိ Titan မျိုးဆက်ရဲ့ ကားတွေကတော့ လာမယ့် ၂၀၂၄ အရောက်မှာမှ ထုတ်လုပ်တာတွေ အဆုံးသတ် မှာ ဖြစ်ပြီး အဆိုပါ အချိန်အထိတော့ မြင်ရနိုင် ပါသေးတယ်။ Nissan ကတော့ တကယ်သာ စီစဉ်ဖြစ်မယ် ဆိုရင် ၂၀၁၉ ကတည်းက ထွက်ထားခဲ့တဲ့  အခု လက်ရှိကားကိုပဲ နောက်ဆုံးမျိုးဆက် အနေနဲ့ ထားတော့မှာ ဖြစ်ဖို့ များနေပါပြီ။ ဒါ့အပြင် တစ်ချိန်တည်းမှာပဲ Hyundai ကလည်း အလားတူ Veloster ကားကို Titan လိုမျိုး အကြောင်းပြချက် ခပ် ဆင်ဆင်နဲ့ပဲ အဆုံးသတ်ပစ်ဖို့ နီးစပ်နေပြန်ပြီ ဖြစ်ပါတယ်။ Nissan ရဲ့ Titan အတွက်ကတော့ သတင်းတွေ အမျိုးမျိုး ကို ထွက်နေတာဖြစ်ပြီးတစ်ချို့ သတင်းတွေမှာ ဆိုရင်လည်း ဒီနှစ် ကိုတောင် နောက်ဆုံးနှစ် ဖြစ်လာမယ်လို့ ဖော်ပြနေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် RAM 1500 တို့လိုမျိုး အဓိက ပြိုင်ဘက်ကားတွေလို သိသိသာသာ တိုးတက်လာခြင်း မရှိတဲ့ Nissan Titan အတွက်ကတော့ အပြိုင်အဆိုင်များတဲ့ ဈေးကွက်ထဲ ခြေကုပ်ယူဖို့ မလွယ် တော့ဘူးဆိုတာ သေချာပါတယ်။ ပြင်ဆင်နိုင်ဖို့ အချိန်တွေ ရှိပါသေးတယ် ဆိုပေမယ့်လည်း Nissan ရဲ့ ပရိသတ်တွေ ကိုယ်တိုင် အားမလိုအားမရ ဖြစ်လာမှု တွေ နဲ့အတူ Titan ကို အပြီးအပိုင် နှုတ်ဆက်ရဖို့ နီးလာပြီလို့ပဲ ဆိုရတော့မှာပါ။

Ref: carbuzz.com

Exit mobile version