MyCars Myanmar

လမ်းကြမ်း မောင်းသူတွေပါ အဆင်ပြေစေမယ့် Fast Charging စနစ်ကို ဖန်တီးပေးလိုက်တဲ့ Rivian !

လတ်တလော Rivian ရဲ့ သတင်းတွေ‌ကို ကြည့်ရမယ် ဆိုရင်တော့ သိပ်ပြီးအခြေအနေမကောင်းတဲ့ သတင်း တွေ ကိုသာ မြင်နေခဲ့ရပါတယ်။ အခု မှ စတင်တဲ့ လျှပ်စစ် ကားကုမ္ပဏီ အသစ်တစ်ရပ် အနေနဲ့ ထုတ်လုပ်မှု ပိုင်း ဆိုင်ရာ အတော်လေးကို နှောင့်နှေးနေတာတွေနဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ Ford ရဲ့ ရှယ်ယာ ဝေစု အများစု ပြန်လည် လျှော့ချထုတ်သွားတာတွေ စသဖြင့် ထိုးနှက်ချက်တွေကို ကြုံတွေ့ နေရတာပါပဲ။ အခုလို အားနည်းချက် တွေ ရှိနေတယ် ဆိုပေမယ့်လည်း Rivian ကတော့ ကားတွေ ဆက်လက် ထုတ်လုပ် နေဆဲဖြစ်ပြီး R1T Truck နဲ့ R1S SUV တွေကိုလည်း ဆက်လက် အဆင့်မြှင့်တင် ပေးနေဆဲ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ လျှပ်စစ် ကားလောက မှာ  နောက်ထပ်ဆွဲဆောင်မှု ကောင်းကောင်းတစ်ရပ် ဖြစ်လာနိုင် တာကို ချပြလာခဲ့ ပြန်ပါတယ်။ အဲ့ဒါ ကတော့ ကုမ္ပဏီ ရဲ့ Adventure Network ကနေတစ်ဆင့် အမြန် အားသွင်း ကွန်ရက်တွေကို စတင် တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ Rivian ရဲ့ ၂၀၂၀ တုန်းက သတင်း တွေအရ ဆိုရင်တော့ ကုမ္ပဏီ အနေနဲ့ အမြန်အားသွင်းကွန်ရက်မှာ လာမယ့် ၂၀၂၃ နှစ်ကုန်ပိုင်း အမှီ အား သွင်းနေရာ Charger ပေါင်း ၃,၅၀၀ အထိကို ဖန်တီး ပေးနိုင်မယ်လို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင်တော့ အမေရိကန် နိုင်ငံ ၊ ကောလိုရာဒို ပြည်နယ်ထဲက Salida မှာ Level 3 အဆင့်ရှိ DC အမြန် အားသွင်းရုံကို ပထမဆုံး စတင် ဖွင့်လှစ်လိုက်နိုင်ပါပြီ။

Photo Credit: CARBUZZ

ဒါပေမယ့် Rivian ရဲ့ အားသွင်းကွန်ရက် စီမံကိန်းကတော့ လက်ရှိမှာ အစောဆုံးစတင်ခါစ အဆင့်ပဲ ရှိသေး တာကြောင့် Salida အားသွင်း ကွန်ရက်မှာ ဆိုရင် 200 Kwh အထိ ပေးနိုင်တဲ့ အားသွင်းစက် ၄ လုံးပဲ စတင် တပ်ဆင်ပေးနိုင် သေးတာ ဖြစ်ပါတယ်။ အဆိုပါ အားသွင်းရုံတွေမှာ R1T နဲ့ R1S ကားတွေကို အားသွင်းမယ် ဆိုရင်တော့ မိနစ် ၂၀ ထဲနဲ့ တင် မိုင် ၁၄၀ စာအားပြည့်အောင် သွင်းပေးလိုက်နိုင်မှာပါ။ Rivian ရဲ့ အဆိုအရ တော့ နောက်ထပ် အားသွင်းရုံ အသစ် တွေကို အမေရိကန် နိုင်ငံ ၊ ကယ်လီဖိုးနီးယား မှာရှိတဲ့ Inyokern နဲ့ Bishop တို့ မှာ ဆက်လက် ချဲ့ထွင်သွားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၈ နဲ့ ၂၉ ရက် တို့မှာ အွန်လိုင်းပေါ်က ချပြခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ နေရာသစ်တွေကတော့ Death Valley National Park နဲ့ Yosemite National Park တို့လို လူစည်ကားတဲ့ နေရာတွေ အနီးမှာ တည်ရှိထားတာ ဖြစ် လို့ အတော်လေးတော့ အချက်အချာ ကျနေပါတယ်။

Photo Credit: CARBUZZ

ဒါ့အပြင် ပိုထူးခြားတာ တစ်ခုကတော့ သာမန် လမ်းမတွေကနေကျော်ပြီး အဆိုပါ အမျိုးသား ဥယျာဉ်တွေထဲ က တောလမ်းတွေ အထိ သွားချင်ကြတဲ့ သူတွေအဖို့ ရည်ရွယ်ကာ Waypoint လို့ အမည်ပေးထားတဲ့ Level 2 အဆင့် AC Chargers တွေ ကိုပါ စီစဉ်ပေးသွား ဦးမယ်လို့ သိရပါတယ်။ DC အမြန် အားသွင်းစက်တွေက  Rivian ကားပိုင်ရှင်တွေ အားသွင်းရာမှာ အတော်လေးကို မြန်ဆန်နိုင်တာ သေချာပေမယ့်လည်း J1772 Plug ကို ဆိုရင်တော့ အခြားသော လျှပ်စစ်ကား ပိုင်ရှင်တွေလည်း အသုံးပြုနိုင်ပြီး Rivian Level 2 အဆင့် AC Chargers တွေအဖြစ် အားရယူ နိုင်မှာပါ။ Level 2 AC Chargers တွေရဲ့ အားသွင်းနှုန်း ကတော့ 11.5 kW ရှိတာကြောင့် တစ်နာရီတိုင်းကို ၂၅ မိုင်စာ မောင်းလို့ရလောက်တဲ့အထိတော့ ပြန်လည်အားဖြည့်ပေးနိုင် မှာပါ။ Rivian ရဲ့ အခုလို လမ်းကြမ်းပိုင်းတွေ အထိ အားသွင်းကွန်ရက်တွေ ထားပေးနိုင်တာ အတော်လေး မိုက်တယ်လို့ ဆိုနိုင်ပေမယ့် အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးစာ အားသွင်းကွန်ရက်ကို အောင်မြင်အောင် ဖန် တီးပေးချင်တယ် ဆိုရင်တော့ လာမယ့် ၂၀၂၃ အမှီ အားသွင်း စက်ပေါင်း 10,000 လောက် အထိကို ရ‌နိုင် အောင် အရှိန် မြှင့်တင်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version