MyCars Myanmar

တစ်ခါ အားသွင်းတာနဲ့တင် ၃၇၂ မိုင် မောင်းလို့ ရနိုင်မယ့် Polestar 3 EV SUV !

ကားအသစ် ၂ မျိုး အထိကို ချပြထားနိုင်ခဲ့ပြီးဖြစ်တဲ့ လျှပ်စစ် ကားကုမ္ပဏီသစ် Polestar တို့ ကတော့ အခု နှစ်ရဲ့ အောက်တိုဘာ လောက်မှာပဲ နောက်ထပ် လျှပ်စစ်ကားသစ် တစ်စီးချပြဖို့ စီစဉ်ထားပြီး SUV ကား တစ်စီးဖြစ် ဖို့သေချာ နေပါပြီ။ အခုဆိုရင်တော့ အဆိုပါ ကားသစ်ရဲ့ ဖြစ်နိုင်ဖွယ် နောက်ထပ် Teaser ပုံရိပ် တစ်ခုပါ ထွက်ပေါ်လာပြီ ဖြစ်ကာ ‌ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ လျှပ်စစ် SUV ကား ဈေးကွက်အတွက် အသင့် ဖြစ်နေပုံလည်း ရပါတယ်။ အထူးသဖြင့် လတ်တလော ကားဈေးကွက်ထဲမှာ အရောင်းရဆုံးလည်းဖြစ် အမြန် ဆုံး သောရောင်းအားတွေ ကိုလည်း ရနေတဲ့ SUV ကား ဈေးကွက် ဖြစ်တာကြောင့် Polestar အနေနဲ့တော့ အခုကားကို တော်တော်လေး မျှော်လင့်ထားပုံရပါတယ်။ Polestar 3 ကိုတော့ အမေရိက အပြင် တရုတ်မှာ လည်း ထုတ်လုပ်မှာဖြစ်ပြီးအစောဆုံး အသုတ်ကိုတော့ လာမယ့်နှစ် အစောပိုင်းလောက်မှာ စမြင်လာရနိုင် ပါတယ်။ သေချာတာကတော့ ကားကို တရားဝင် မိတ်ဆက်ဖို့ အတွက် လာမယ့် အောက်တိုဘာမှာ ဖြစ်လာ နိုင်တယ် ဆိုတာပါပဲ။

Photo Credit: motor 1.com

ကားအသစ်ရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရ သေးပေမယ့်လည်း Polestar ကတော့ ဘက်ထရီ အကြီးစား တစ်ခုနဲ့ လျှပ်စစ် မော်တာ ၂ လုံး ပါဝင် လာလိမ့်မယ်လို့တော့ အတည်ပြုပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဥရောပ ရဲ့ WLTP စံနှုန်း အရ ဆိုရင် ကားသစ်ကတော့ တစ်ခါ အားသွင်းထားရုံနဲ့တင် ၃၇၂ မိုင် အထိကို မောင်းနှင်နိုင် တော့မှာပါ။ Polestar CEO ဖြစ်သူ Thomas Ingenlath ကတော့ လျှပ်စစ် SUV ကားခေတ်သစ်ကို အခု ကားက ဖော်ဆောင် လာနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပြီး အဆင့်မြင့် ဇိမ်ခံဒီဇိုင်း အပြင် တကယ်ကို ထူးခြား ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ အတွက် Sport အရသာကိုလည်း ကားသစ် ဆီ ယူဆောင်ပေးလာ နိုင်မယ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

သိထားရသလောက်ကတော့ Polestar 3 မှာဆိုရင် အမြင့်ဆုံး မော်ဒယ်ထက် ပိုဈေးသက်သာနိုင်တဲ့ လျှပ်စစ် မော်တာ တစ်လုံးတပ် အမျိုးအစားကိုလည်း ရလာနိုင်ပါသေးတယ်။ ပုံမှန်အားဖြင့်ကတော့ အခု EV SUV ကသူနဲ့ Platform အတူတူ သုံးပေးထားတဲ့ မျိုးဆက်သစ် Volvo XC 90 ထက် ပို‌ဈေးကြီးနိုင်ပြီး ပိုလည်း ဇိမ်ခံအရသာ ပေးနိုင်တဲ့ ဘက်ကို ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် Polestar 3 မှာ ပိုကောင်းတာ တစ်ခုက တော့ XC 90 မှာ မရနိုင်တဲ့ စက်ပိုင်း ဆိုင်ရာ အသစ် အသစ်တွေ ယူဆောင်လာ ပေးနိုင်မှာပါပဲ။ အခု ကား သစ်ကတော့ ကုမ္ပဏီ ရဲ့ အနာဂါတ် Brand အသစ်တွေ ချဲ့ထွင် နိုင်ဖို့ အဓိက ရည်မှန်းချက် တစ်ခု ဖြစ်ပြီး လာမယ့် နှစ်ကုန်ပိုင်းမှာပဲဈေးကွက်အသီးသီး ရဲ့ ရောင်းအားကို ၃၀% လောက်အထိ တက်လာနိုင်ဖို့ ကြိုးစား ပြင်ဆင်နေတာပါ။ အခု ဆယ်စုနှစ် အလယ်ရောက်ရင်တော့ ကုမ္ပဏီ အနေနဲ့ ကမ္ဘာ့ ဈေးကွက်ထဲက ရောင်း အားကို ၂၀၂၁ တုန်းက ၂၉,၀၀၀ ပဲရှိခဲ့ရာကနေ ၂၀၂၆ အရောက် မှာ ၂၉၀,၀၀၀ အထိ ရှိလာဖို့ ပြင်ဆင်နေ ခဲ့ပြီ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version