MyCars Myanmar

ဟိုက်ဒရိုဂျင် စွမ်းအင်သုံး SUV တစ်စီးကို ချပြခဲ့တဲ့ Pininfarina!

NamX ဆိုတဲ့ လုပ်ငန်းစု တစ်ခုအကြောင်းကို ကြားဖူးချင်မှ ကြားဖူး ကြပါလိမ့်မယ်။ အဆိုပါ လုပ်ငန်း က တော့ ဥရောပ မှာ အခြေစိုက်ပြီး ဟိုက်ဒရိုဂျင် စွမ်းအင်ကို ပြန်လည်မျှဝေ ပေးကာ လူသားတွေရဲ့ ပို့ဆောင် ဆက်သွယ်ရေး ပိုင်းတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေမှာ ပြန်လည်ကူညီပေးဖို့ စီစဉ် နေတာပဲ ဖြစ်ပါတယ်။ အရှင်းဆုံး ပြောရမယ် ဆိုရင်တော့ ကားလောက အတွက်တင်မကပဲ အခြားသော ပို့ဆောင်ဆက်သွယ်ရေး အပိုင်းတွေ အတွက် ပါ ဟိုက်ဒရိုဂျင်သုံးဖို့ လိုလာရင် မျှဝေပေးနေတာပါပဲ။ အဆိုပါ အဖွဲ့နာမည်ကို မကြားဖူးသေးရင်တောင်မှ ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခု ဖြစ်တဲ့ Pininfarina ကိုတော့ ကြားဖူး ကြပါလိမ့်မယ်။ အဆိုပါ လုပ်ငန်းကတော့ Ferrari F40 နဲ့ Enzo တို့လို သမိုင်းဝင် ကားတွေကို ဒီဇိုင်းပိုင်း ဖန်တီးပေးခဲ့ဖူးတဲ့ အီတလီ အခြေစိုက် ကားဒီဇိုင်း လုပ်ငန်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကုမ္ပဏီကနေ NamX HUV ဆိုတဲ့ Concept ကားတစ်စီးကို ချပြလိုက်ပါပြီ။ NamX တို့ကတော့ အဆိုပါ Concept ကို ဟိုက်ဒရိုဂျင် စွမ်းအင်သုံး Fuel Cell SUV တစ်စီး ဖြစ်တယ် လို့ ဆိုထားပါတယ်။ တစ်ဖက်မှာ လည်း အခု နည်းပညာအတိုင်းကိုပဲ နာမည်ကျော် BMW တို့ကပါ သူတို့ရဲ့ X 5 ကားမှာ သုံးနိုင်ဖို့ စမ်းသပ်နေ တာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု HUV ကားကတော့ တကယ့် စပရိုက် အကြီးစားဖြစ်ပြီး Pininfarina က ဖန်တီးထားတာဖြစ်လို့ ဒီဇိုင်းပိုင်း အတွက်ကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Photo Credit: CARBUZZ

ဘယ်လိုပဲ ဖြစ်ဖြစ် အခုကားကတော့ Pininfarina အတွက် အဓိပ္ပါယ်ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အကြောင်း ကတော့ Brand ကနေ ၂၀၁၈ လောက်တုန်းက Sintesi လို့ အမည်ရတဲ့ ဟိုက်ဒရိုဂျင် ကားတစ် စီးကို အစမ်း ဖန်တီး ကြည့်ခဲ့ဖူးပြီး ၂၀၁၉ မှာတော့ H2 Speed ဆိုတဲ့ နောက်ထပ် ကားသစ်တစ်စီး ထပ်မံ ဖန်တီး ကြည့်ခဲ့ဖူးလို့ ဖြစ်ပါတယ်။ အဆိုပါ ကားနှစ်မျိုးမှာ ကလည်း အခုလက်ရှိ မော်ဒယ်အတွက်ကို ရည် ရွယ်ပြီး အနာဂါတ် ဆန်တဲ့ Aggressive Graphics တွေနဲ့ ခေတ်ဟောင်း Retro အရသာတွေကို ပေါင်းစပ် ထားတဲ့ ကားကောင်း တစ်စီးအဖြစ် ဖော်ပြပေးထား လို့ပဲ ဖြစ်ပါတယ်။ အခု ကားကို ကြည့်မယ် ဆိုရင်လည်း အနောက်ဘက်မှာ BMW X 6 ရဲ့ ပုံစံမျိုး ခပ်ဆင်ဆင်တွေ့ရနိုင် သလို ၊ Grille ကလည်း Genesis GV 60 လိုပုံစံနဲ့ ဆင်တူ ပြန်ပါတယ်။ ဒါ့အပြင် ကားတစ်စီးလုံးမှာတော့ Urus ရဲ့ ကိုယ်ထည်နဲ့ ဆင်တူပြီး အင်ဂျင် စက်ဖုံး ခပ်ပြားပြား ဖြစ်နေတာကလည်း Muscle Cars တွေနဲ့တောင် ခပ်ဆင်ဆင်ပါ။ Pininfarina က ထုတ်တဲ့ ကားဆိုတဲ့ အတိုင်းပဲ ခပ်ရှင်းရှင်းပုံစံကိုပဲ ဆွဲဆောင်မှု ရှ်ိနေတာမျိုးဖြစ်အောင် ဖန်တီး ထားနိုင် ခဲ့ ပါတယ်။ ဒီဇိုင်းအပြင် စွမ်းဆောင်ရည်တွေကပါ အနည်းငယ် အံ့အားသင့်စေပြီး Rear-Wheel Drive Model ကိုမှ 300 hp အထိ စွမ်းဆောင် နိုင်တာမျိုး ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၆၀ နှုန်းအရှိန်တင်နိုင်ဖို့ကို ၆.၅ စက္ကန့်ပဲ ကြာမြင့်တာ ဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်း ကတော့ ၁၂၄ မိုင်ရှိတာပါ။ ဒါပေမယ့် ပိုပြီးစွမ်းဆောင် ရည် မြင့်မယ့် GTH Version တစ်မျိုးမှာ ဆိုရင်တော့ 550 hp အထိ ရှိနိုင်ကာ အမြင့်ဆုံး ကိုလည်း တစ်နာရီ ၁၆၅ မိုင် အထိ မောင်းနှင်နိုင်ပြီး 0-60 mph ပမာဏ ကို ဆိုရင်လည်း ၂ စက္ကန့်အတွင်း အရှိန်တင် နိုင်မှာပါ။

Photo Credit: CARBUZZ

အဆိုပါ ကားသစ်ကိုတော့ လာမယ့် ၂၀၂၅ စတုတ္ထ ၃ လပတ် ကာလလောက်မှာ စတင်ရောင်းချ လာနိုင်ပြီး $ 68,300 ကနေ $ 99,902 အကြားလောက် အထိ ကျသင့်နိုင်မယ်လို့ ဆိုထားပါတယ်။ ကားကိုတော့ ကျင်းပဖို့ ရှိတဲ့ ၂၀၂၂ ပဲရစ် ကားပြပွဲကြီးမှာ စတင်ပြသထား မှာပါ။ အခုကားမှာ ဒီဇိုင်းထက် အရေးကြီးတာ ကတော့ သုံးထားတဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်ပဲ ဖြစ်ပြီး ဖြုတ်လဲလို့ရမယ့် ဟိုက်ဒရိုဂျင် Cells တွေကို သုံးထား တာ ဖြစ်ပါတယ်။ ဒီ အတိုင်းသာဆိုရင်တော့ ပိုင်ရှင်တွေ အနေနဲ့ ကားကို ဟိုက်ဒရိုဂျင် ဖြည့်တင်းဖို့ဆိုရင် ဟိုက်ဒရိုဂျင် ဖြည့်ဖို့နေရာရှားနေသေးလို့ လိုက်ရှာရခက်မယ့်အစား Hydrogen Tanks လေး ဖြည့်လဲ လိုက် ရုံပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ဖြုတ်လဲဖို့‌ကိုတောင်မလိုလောက်ပဲ လက်ရှိကားရဲ့ ဟိုက်ဒရိုဂျင် တစ်ကန်နဲ့တင်ပဲ ၄၉၇ မိုင် အထိ‌ကို မောင်းနှင်နိုင်မှာကတော့ အံ့အား သင့်စရာ ပါပဲ။ အခု ကားကို ပြသထား မယ့် ပဲရစ် ကားပြပွဲကြီးမှာတော့ ဒီကားရဲ့ အင်ဂျင်အသေးစိတ် အကြောင်းကို ထုတ်ဖော်ပြလာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဈေးကွက်အနေအထား ကတော့ လျှပ်စစ်စွမ်းအင်သုံး SUV ဈေးကွက်က လွှမ်းမိုး လာနေတယ် ဆိုတာကို သတိထားရမှာ ဖြစ်ပြီး ဟိုက်ဒရိုဂျင် သာ တကယ်အဆင်ပြေသွားမယ် ဆိုရင်တော့ အခုလို ကားတွေကိုပဲ ပိုပြီး ကောင်းကောင်းသုံးချင်လာကြမှာကတော့ သေချာနေပါတယ်။

Ref: carbuzz.com

Exit mobile version