MyCars Myanmar

မြောက်ဝင်ရိုးစွန်း ကနေ တောင်ဝင်ရိုးစွန်း အထိ မောင်းနှင်ပြမယ့် အထူးထုတ် Nissan Ariya !

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် တုန်းက နာမည်ကျော် Top Gear ကုမ္ပဏီကနေ Toyota Hilux ကား တစ်စီးကို အတော်လေး အထူးမွမ်းမံ ပြင်ဆင်ကာ ကမ္ဘာကြီးရဲ့ မြောက်ဝင်ရိုးစွန်းအထိ ရောက်အောင် မောင်းပြနိုင်ခဲ့ပါ တယ်။ အခုလည်း အဆိုပါ ကုမ္ပဏီကပဲ နောက်ထပ် ဗြိတိန်ရဲ့ စွန့်စားခန်း ဖွင့်ချင်သူ တစ်ဦးဖြစ်တဲ့ Chris Ramsey ဆိုသူနဲ့ ပူးပေါင်းကာ နောက်ထပ်ကားတစ်စီးကို ရွေးချယ်ပြင်ဆင် သွားရောက်ဖို့ ရှိနေပြန်ပါတယ်။ ဒါပေမယ့် ဒီ တစ်ခေါက်မှာကတော့ မြောက်ဝင်ရိုးစွန်းကနေ ခရီးစဉ် စတင်မှာ ဖြစ်ပြီး မိုင်ပေါင်း ၁၇,၀၀၀ ဝေးကွာတဲ့ တောင်ဝင်ရိုးစွန်း အထိကို ခရီးနှင် ကြမှာပါ။ ထူးခြားတာကတော့ အခု ခရီးစဉ်မှာ သုံးသွားမယ့် ယာဉ်ဟာ Nissan Ariya ဖြစ်နေတာပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၀ ကမှ All-Electric Ariya Crossover ကားကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး Range ကတော့ မိုင် ၃၀၀ အထိရှိကာ အခု မေလအထိတော့ ဈေးကွက်ထဲက အရောင်း ကိုယ်စားလှယ်တွေဆီကိုတောင် မရောက်သေးတာပဲ ဖြစ်ပါတယ်။ အခုလို တစ်ခါ အားသွင်းထား ရင် မိုင် ၃၀၀ လောက် မောင်းနိုင်တယ် ဆိုတာက Two-Wheel Drive စနစ်လောက် အတွက် ကိုပဲ တွက်ဆ ကာ ဖန်တီးထားတာဖြစ်ပြီး Four-Wheel Drive အဖြစ် ပြင်ဆင်ကာ အခုလိုမျိုး ခက်ခဲကြမ်းတမ်းတဲ့ နေရာ တွေ အထိ သွားမယ်ဆိုရင်တော့ ကားရဲ့ နဂို Range ပမာဏက အတော် လေးနည်းနေနိုင်ပါတယ်။ ဒါ့အပြင် ဒီနှုန်း အတိုင်းသာ ဆိုရင်တော့ သွားရောက်မယ့် လမ်းခရီး မိုင်ပေါင်း ၁၇,၀၀၀ ကျော်မှာ အားသွင်းရုံ ပေါင်း များစွာ လိုအပ်မယ့် သဘောဖြစ်ပေမယ့် အန္တာတိကလို နေရာမျိုးမှာ အားသွင်းရုံ မရှိတာကတော့ သေချာ ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့်လည်း အဆိုပါ စွန့်စွန့်စားစား ခရီးစဉ် ကတော့ ဖြစ်အောင် လုပ်နေပါပြီ။ ကုမ္ပဏီ နဲ့ အတူ Ramsey ကလည်း အခု ခရီးစဉ် အောင်မြင်မယ် ဆိုတာကို ယုံကြည်မှုပြင်းပြနေပြီး Nissan ရဲ့ Executive Vice President ဖြစ်သူ Asako Hoshino ကတော့ All-New လျှပ်စစ်သီးသန့် Crossover SUV တစ်စီး အနေနဲ့ ကတော့ ပိုပြီး ကောင်းမွန်ကာ သက်တောင့်သက်သာနဲ့ လွယ်လွယ်ကူကူ မောင်းနှင်နိုင်မယ့် ကားတစ်စီး ဖြစ်တယ်လို့ ညွှန်းဆိုထား ပါတယ်။ ဒါ့အပြင် ကားမှာ နဂိုပါဝင်တဲ့ e-4ORCE နည်းပညာကြောင့်လည်း ဘယ်လိုလမ်းမျက်နှာပြင် မျိုးမဆို ကောင်းကောင်း မောင်းနှင် ပြနိုင်မှာ ဖြစ်ပြီး အခု ခရီးစဉ်အတွက်ကတော့ တကယ်ကို အကောင်းဆုံးသော အထောက်အကူ ဖြစ်လာမှာပါလို့ Hoshino က ဆိုထားပါတယ်။ Ramsey ကိုယ်တိုင်ကလည်း သူတို့ရဲ့ အဓိကရည်မှန်းချက်ကတော့ လျှပ်စစ် ကားတွေ ဟာ ဘယ်လိုပတ်ဝန်းကျင်မျိုး ကို မဆို ကောင်းကောင်း ရင်ဆိုင်နိုင်နေပြီဆိုတာ ပြချင်တာဖြစ်ပြီး အရမ်းအေးတဲ့ ဝင်ရိုးစွန်းတွေကနေ ပူနွေးစွတ်စိုတဲ့ တောင်အမေရိက ဒေသတွေအထိ နေရာမရွေးဘူး ဆိုတာကို ပြချင်တာ ဖြစ်တယ်လို့ ဆိုထား ပါတယ်။ ဒါတင်မကသေးပဲ အခုလို မောင်းပြတာကြောင့် နေ့စဉ်ယာဉ်မောင်းတွေ ကြုံတွေ့ ရမယ့် မတူညီတဲ့ ရာသီဥတု အနေအထားတွေကို ကောင်းကောင်း ရင်ဆိုင်နိုင်မယ် ဆိုတာကိုလည်း သက်သေပြရာ ရောက် သလို ကမ္ဘာပေါ်က အရေးပါပြီး တီထွင်ဆန်းသစ်မှု ကောင်းလွန်းတဲ့ ကားကုမ္ပဏီ တစ်ခုနဲ့ အခုလို လက်တွဲ စမ်းသပ်ခွင့် ရတာလည်း တကယ်ကောင်းပါတယ်လို့ Ramsey က ဆိုထား ခဲ့ပါသေးတယ်။

Photo Credit: motor 1.com

အခု စိန်ခေါ်မှု ကို ကောင်းကောင်း ရင်ဆိုင်နိုင်ဖို့ အတွက် Ariya ကားကို မူလ ပုံစံနဲ့ လုံးဝမတူပဲ ကွဲထွက်နေ စေမယ့် ထူးထူးခြားခြား အပြင်အဆင်တွေ ဖြစ်အောင် စီစဉ်ထားမှာ ဖြစ်ကာ အဆိုပါ နေရာတွေ အထိလည်း စမ်းသပ်တာ မျိုးတွေလည်း လုပ်ထားနိုင်ပါသေးတယ်။ ခရီးစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရ သေး ပေမယ့် ဘီးတွေ ၊ တာယာတွေ နဲ့ Suspension ပိုင်းတွေကို ပြောင်းလဲ ထားတာကတော့ သိသိသာသာ မြင်ရပြီး အာတိတ် နဲ့ အန္တာတိက ဒေသတို့ရဲ့ မျက်နှာပြင်တွေမှာ ကောင်းကောင်းမောင်းနှင်နိုင်မယ့်  အခြေ အနေ ဖြစ်အောင် ဖန်တီးထားပါတယ်။ Ramsey ကတော့ အခုလိုမျိုး လျှပ်စစ်ကားတွေကို အဆုံးစွန်အထိ ခက်ခဲကြမ်းတမ်းတဲ့ လမ်းမကြီးတွေမှာပါ မောင်းနှင် ဖူးတဲ့ အတွေ့အကြုံကောင်းတွေ ရှိထားပြီး Nissan Leaf နဲ့လည်း ၂၀၁၇ ခုနှစ် တုန်းက Mongol Rally လမ်းကြမ်း ပွဲကြီးကို မောင်းနှင် ပြခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် အခု ခရီးစဉ်အတွက် ပိုထူးခြားတာကတော့ ခရီးစဉ် ဖြစ်လာဖို့ အတွက် ကြိုတင်ပြင်ဆင်နေခဲ့တာ ဟာ ၄ နှစ် လောက် အထိ ရှိလာခဲ့ပြီ ဆိုတာပါပဲ။ ဒါကြောင့် ညတွင်းချင်း ထလုပ်တဲ့ ပြင်ဆင်မှုမရှိတဲ့ စွန့်စား ခန်းမဟုတ်တာတော့ သေချာတာကြောင့် အောင်မြင်မယ်လို့ ယုံကြည်ရတာပဲ ဖြစ်ပါတယ်။ အရာအားလုံး သာ ကြိုတင် စီစဉ်ထားတဲ့ အတိုင်း အဆင်ချောခဲ့မယ် ဆိုရင်တော့ အဆိုပါ ခရီးစဉ်ကို အခုလာမယ့် ၂၀၂၃ မတ်လမှာ စတင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version