MyCars Myanmar

ဂျပန် ဈေးကွက်ထဲကနေ ရပ်နားတော့မယ့် Mitsubishi Mirage ကား အမျိုးအစား!

Mitsubishi ရဲ့ ဂျပန် ပြည်တွင်း တရားဝင် ဝက်ဘ်ဆိုက် ထဲမှာတော့ အခုဆိုရင် Mirage ကားသစ်အတွက် ရှေ့ဆက် ထုတ်လုပ်ဖို့ မရှိတော့ဘူး ဆိုတဲ့ အချက်အလက်ကိုသာ ပြလာခဲ့လာပါတယ်။ တစ်ချိန်တည်း မှာပဲ Motor 1 သတင်း ဌာနကလည်း စုံစမ်းမေးမြန်းခဲ့ရာမှာကတော့ ကားဈေးကွက်ကြီးတစ်ခု ဖြစ်တဲ့ အမေရိက ဈေးကွက်အတွက်ကိုပါ အနာဂတ်က မသေချာသေးဘူးလို့ ဆိုလာခဲ့ ပြန်ပါတယ်။ Website မှာ ဖော်ပြထားချက်အရတော့ ကားသစ် ဆက်မထုတ်လုပ် နိုင်တော့တာကြောင့် ကားနဲ့ ပတ်သက်တဲ့ အရောင်တွေ ၊ အခြားသော အစိတ်အပိုင်းတွေကို ထုတ်လုပ် ပေးရာမှာလည်း လိုအပ်သလို ရရှိနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုထားတာပါ။ ဒါပေမယ့်လည်း ကားအမြင့် Crossover နဲ့ ပိုကြီးတဲ့ SUV တွေကိုသာ အားသန်နေတဲ့ Mitsubishi ကုမ္ပဏီ အတွက်တော့ အခုလို ကားသေးတွေကို ဆက်မထုတ်ဖို့ စဉ်းစားလာတာ သိပ်ပြီးအံ့အားသင့်စရာ မဟုတ်တော့ပါဘူး။

Photo Credit: Motor 1.com

Mirage ကားကိုတော့ အမေရိက ဈေးကွက်ထဲမှာဆိုရင် ၂၀၂၁ ထဲ အစီးရေ ၂၂,၀၀၀ ကျော် ရောင်းချခဲ့ရပြီး ၂၀၂၀ ကထက်တော့ ရောင်းအား ပြန်တက်လာ ခဲ့ပါတယ်။ ၂၀၁၅ ကတည်းက ရောင်းအားတွေ ၂၀,၀၀၀ ကျော် စွန်းစွန်းလေး တွေအထိ ရှိနေခဲ့ပေမယ့် ၂၇,၀၀၀ ကျော်အထိတော့ မရောင်းဖူးသေးပါဘူး။ ဒါပေမယ့် အခု ၂၀၂၂ မှာ ဆိုရင်တော့ ပထမ ဆုံး ၉ လ အတွင်းမှာပဲအစီးရေ ၁၃,၀၀၀ အောက်လောက် အထိကို ရောင်းအားကျ နေခဲ့တာကြောင့် အခုနှစ် အကုန်ပါ နှစ်တိုင်း ရနေကျ ၂၀,၀၀၀ ဝန်းကျင်ရနိုင်ပါ့မလား ဆိုတာ မသေချာမရေရာ နေတာပါပဲ။ အဆိုပါ ကားကတော့ ၂၀၁၂ ကတည်းက ၆ ခုမြောက် မျိုးဆက်အနေနဲ့ ထုတ်လုပ်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရုပ်ပြောင်းမော်ဒယ် ၂ ခါပဲ ထုတ်လုပ်ပေးခဲ့ ပါသေးတယ်။ နောက်ဆုံး တစ်ခေါက် ကားသစ်ကိုတော့ ၂၀၁၉ တုန်းက ဖန်တီးပေးခဲ့တာဖြစ်ပြီး ကားရဲ့အတွင်းအ‌ပြင် ပုံစံ အနည်းငယ်ပြောင်းကာ လုံခြုံရေးပိုင်း လုပ်ဆောင်ချက် ‌အသစ်တွေလည်း ပါလာခဲ့ပါတယ်။

Photo Credit: Motor 1.com

ဒါပေမယ့် အခုကားရဲ့ အဓိက အားသာချက်ကတော့ ရောင်းဈေးဖြစ်ပြီး 2023 Model အနေနဲ့ကို $17,290 ပဲ ကျသင့်တာ ဖြစ်နေတာပါပဲ။ ဆီတစ်ဂါလံကို ၃၉ မိုင် အထိ မောင်းနိုင်မယ့် အဆိုပါ ကားက ၅ ယောက် စီးဖြစ်တဲ့ အပြင် Powertrain ပိုင်း အာမခံကလည်း မိုင် ၁၀၀,၀၀၀ အထိကို ပေးထားနိုင်ပါတယ်။ အခုကားကို ဂျပန်ဈေးကွက်ထဲ မရနိုင်တော့တာ သေချာပေမယ့်လည်း ဒီ အနေအထားက ကြီးကြီးမားမား အပြောင်းအလဲ တစ်ရပ်ရဲ့ အစပိုင်းလည်း ဖြစ်လာ နိုင်ပါသေးတယ်။ အဓိက ကတော့ Mirage က Crossover ကား အနေနဲ့ အသစ်ထွက်လာနိုင်တယ် ဆိုတဲ့ ၂၀၁၈ ကတည်းက သတင်းတွေကြောင့် ဖြစ်ပါတယ်။ ဘယ်လိုပဲ ‌ဖြစ်ဖြစ် အခုမျိုးဆက် ကားကတော့ အချိန်ကြာ သက်တမ်းရင့်လာတဲ့အပြင် ကားသစ်အစားထိုး ဖို့ကလည်းမသေချာ နေသေးတဲ့ ကားတစ်စီးလို့ပဲ ဆိုရမှာပါ။

Ref: motor 1.com

Exit mobile version