MyCars Myanmar

Bugatti Chiron ကို တစ်နာရီ ၂၅၇ မိုင်နှုန်း မောင်းလိုက်လို့ အရေးယူခံလိုက်ရတဲ့ သန်းကြွယ်သူဌေး!

ဂျာမနီက နာမည်ကျော် Speed Limit ကန့်သတ်ထားခြင်းမရှိတဲ့ Autobahn အဝေးပြေး လမ်းမကြီးမှာ Bugatti Chiron လိုကားမျိုးကို ရှယ် မောင်းနှင်ဖို့ကတော့ ပြိုင်ကား ချစ်သူတိုင်းရဲ့ အိပ်မက် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ချက်နိုင်ငံက စီးပွားရေး သန်းကြွယ်သူဌေး တစ်ယောက်အတွက်ကတော့ ဒီ အိပ်မက်က အိပ်မက်ဆိုး ဖြစ်သွားခဲ့ ရပါတယ်။ တစ်နာရီကို ၂၅၇ မိုင်အထိ မောင်းနှင်ခဲ့တဲ့ အဆိုပါ သူဌေး Radim Passer ကိုတော့ ဒေသ တာဝန်ရှိသူတွေက အတော်လေးဒေါသထွက်ခဲ့ကြရပြီး အကြောင်းကတော့ လမ်းပေါ်သွားနေတဲ့ အခြား သော လမ်းအသုံးပြုသူတွေကိုလည်း လေးစားသမှုရှိရမယ်ဆိုတဲ့ အချက်ကြောင့်ပါပဲ။ ပုံမှန်အားဖြင့်ကတော့ အမြန်နှုန်းကန့်သတ် ထားခြင်း မရှိတဲ့ လမ်းမတွေ ဖြစ်တာကြောင့် တာဝန်ရှိသူတွေက Passer ကို အရေးယူလို့ မရနိုင်ဘူးလို့ပဲ ထင်မိကြမှာပါ။ ဒါပေမယ့်လည်း အခုကိစ္စ မှာတော့ အဆိုပါ ၅၈ နှစ်အရွယ် သန်းကြွယ်သူဌေးကို မဆင်မခြင် ပြုမှုတွေနဲ့ တရားစွဲဆိုလိုက်ပြီး အမှုသာထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်အထိ ကျခံ သွားရဖို့တောင် ရှိနေတာ ဖြစ်ပါတယ်။ UK အခြေစိုက် The Sun သတင်းစာရဲ့ ဖော်ပြချက်အရတော့ ဒေသပို့ဆောင်ဆက် သွယ်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူ Linda Hueskens က အခုလို အမြန်နှုန်းကန့်သတ်ထားခြင်း မရှိတဲ့ လမ်းတွေပေါ်မှာ ယာဉ်မောင်း တွေက တာဝန်သိသိနဲ့ မောင်းနှင်ပေးရမှာ ဖြစ်ပေမယ့် သူ့ရဲ့ လုပ်ရပ်ကတော့ အန္တရာယ်ဖြစ်နိုင်လောက်တဲ့ အပြုအမူတွေကို သံသယ‌ဖြစ် ဖွယ် တွေ့ရတယ်လို့ ဆိုထားပါတယ်။

 

အခုလို မောင်းနှင်အပြီးမှာတော့ Passer ကိုယ်တိုင်က ကားမောင်းနှင်ခဲ့မှုနဲ့ ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောထားခဲ့သလို အခြေအ နေ ကောင်းတွေ ရှိခဲ့တာကြောင့် ကားရဲ့ အမြင့်ဆုံး မြန်နှုန်းက တစ်နာရီကို ၄၁၄ ကီလို အထိကို ရောက်ခဲ့တယ်လို့ သိရပါတယ်။ သူကတော့ အခုလို အမြန်နှုန်းကြောင့် ဂုဏ်ယူနေခဲ့ပေမယ့်လည်း ‌ဒေသခံ အာဏာပိုင်တွေ အတွက်ကတော့ ခေါင်းခဲစရာ ဖြစ်နေတာပါ။ ဒါ့အပြင် ယခင် တုန်းကလည်း အမျိုးမျိုးသော နိုင်ငံရေး ပါတီတွေကပါ အဝေးပြေး လမ်းတွေပေါ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ လုံခြုံရေးပိုင်းတွေ အနှောက် အယှက်မဖြစ်စေဖို့ တစ်နာရီ ၈၁ မိုင်အထိပဲ Speed Limit ထားသင့်တယ်လို့ကို ထောက်ပြခဲ့ကြဖူးပါတယ်။ အခုလို ဖြစ်စေချင်တာ ကတော့ အာဏာရ နိုင်ငံရေးပါတီရဲ့ ဆန္ဒတင် မဟုတ်ပဲ F 1 ကမ္ဘာ့ ချန်ပီယံ Sebastian Vettel ကပါ သဘောတူ ခဲ့တာပါ။ အခုလိုမျိုး Speed Limit ထားထားတာဟာ ဆိုရင် CO 2 တန်ပေါင်း ၂ သန်း လောက်ကိုလည်း လျှော့ချ ပေးနိုင်သလို မတော်တဆမှုတွေကိုလည်း လျှော့ချနိုင်မှာဖြစ် လို့ ပိုပြီးလုံခြုံစိတ်ချရကြောင်း Vettel က ထောက်ပြ ထားပါတယ်။ ဂျာမနီ က မတော်တဆမှုတွေကို ကြည့်လိုက်ရင်လည်း Speed Limit မထားထားလို့သာ ဖြစ်ကြတာ များပြီး လူသားတိုင်းရဲ့ တစ်ဘဝစာအတွက် ကြည့်သင့်တယ်လို့ကို Vettel က ဆိုထားတာပါ။

Photo Credit: CARBUZZ

ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာကတော့ အခုလိုမြန်နှုန်းမြင့် မောင်းနှင်မှုက အခုသန်းကြွယ်သူဌေး အတွက်တော့ ပထမဆုံး အကြိမ် မဟုတ်တော့ပဲ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကလည်း Bugatti Veyron ကားနဲ့ တစ်နာရီကို ၂၅၀ မိုင် အထိ မောင်းခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါအချိန်တုန်းက မောင်းနှင်မှုကို Youtube ပေါ်တောင် တင်ခဲ့သေးပြီး အဲ့ဒီတုန်းကတော့ အာဏာပိုင်တွေ သတိမထားမိခဲ့ဖူး လို့ သိရပါတယ်။ တကယ်ကတော့ နှစ်ပေါင်း များစွာကြာ အကြမ်းစား စွမ်းဆောင်ရည်နဲ့ ကားသစ်တွေ ထွက်လာတိုင်း Autobahn လမ်းမ ကြီးထက်ကို ယူဆောင်လာပြီး စမ်းသပ်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် စမ်းသပ်ခဲ့ကြတဲ့ ဘယ်သူကမှတော့ ထောင်ဒဏ်ကျခံ လိုက်ရတယ် ဆိုတာမျိုးတွေ မကြားဖူးသေးတာပါ။ အခု ချက် သူဌေးကိုတော့အာဏာပိုင် တွေအနေနဲ့ စံနမူနာ ပြချင် တဲ့ အနေနဲ့ ပြစ်ဒဏ်ပေးချင်တာ ဖြစ်ဖို့များပြီး တကယ်ကတော့ လမ်းမထက်က Speed Limit ကန့်သတ်မှု မရှိတာ က ဆက်လက် အသက်ဝင်နေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခု ချက် သူဌေး အပေါ် ဘယ်လိုမျိုး အမှုစီရင်ချက်ချမလဲ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းသလို ကမ္ဘာကျော် Autobahn လမ်းမကြီး ရဲ့ Speed Limit မရှိတဲ့ နေ့ရက်တွေ အဆုံးသတ် ဖြစ်လာတော့မလားကိုလည်း စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version