MyCars Myanmar

လမ်းမတွေထက်မှာ မြင်တွေ့ ရတော့မယ့် Microlino ခေါ် ခေတ်ပေါ် Isetta ကားလေး!

၂၀၁၆ ခုနှစ်တုန်း ကပဲ ဆွစ်ဇာလန်က‌ ညီအစ်ကို နှစ်ယောက်ဦးဆောင်ပြီး Icon ကား တစ်စီး ဖြစ်ခဲ့တဲ့ Isetta ကားလေး ကို မှီငြမ်းကာ ဖန်တီးထားတဲ့ မြို့တွင်းသုံး လျှပ်စစ် ကားသေးလေးကို ချပြလာခဲ့ပါတယ်။ အဆိုပါ ကားလေးကတော့ Microlino လို့ အမည်ရတဲ့ နှစ်ယောက်စီး ကားလေးဖြစ်ပြီး Oliver နဲ့ Merline Ouboter တို့က မြို့တွင်းမှာ နေရာ ပိုရဖို့အပြင် ပတ်ဝန်းကျင်နဲ့ပါ ပိုပြီး လိုက်လျောညီထွေ နေဖို့အတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ Ouboter တို့ ညီ အစ်ကို နှစ်ယောက် ကတော့ အခု ကားလေးကို ဖန်တီးဖို့ အတွက် Micro ဆိုတဲ့ ကုမ္ပဏီကိုဦးစွာ တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အီတလီ အခြေစိုက် Cecomp ကုမ္ပဏီနဲ့ ပေါင်းကာ အခုကားကို ထုတ်လုပ်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ Pre Production အဆင့် ကားကို စမြင်ရပြီ ဖြစ်ပြီး လာမယ့် နွေရာသီမှာပဲ ကားလေးကို စတင် ရောင်းချလာဖို့ ရှိနေပါတယ်။

Photo Credit: MotorAuthority

အရောင်းပိုင်းတွေကိုတော့ ဆွစ်ဇာလန်မှာပဲ စတင်ဦးမှာ ဖြစ်ပေမယ့် အခုနှစ် နှောင်းပိုင်းလောက်မှာတော့ အီတလီနဲ့ ဂျာမနီ တို့ဆီကိုပါ ရောက်လာနိုင်ပါတယ်။ ကျန်တဲ့ ဥရောပ ဈေးကွက်တွေ ဆီကိုတော့ လာမယ့် ၂၀၂၃ အကုန်ပိုင်း လောက်မှာ စတင်ပို့ဆောင်လာဖို့ ရည်မှန်းထားပြီး တစ်ခြားဈေးကွက် အတွက်တော့ မသိရသေးပါဘူး။ စက်ရုံရဲ့ ထုတ်လုပ်တဲ့ အပိုင်းမှာတော့ မိနစ် ၂၀ ကို တစ်စီးနှုန်း ဖန်တီးနိုင်မှာဖြစ်ပြီး ကားထုတ်လုပ်မှုရဲ့ ၈၀ % သော ကုန်ကြမ်းတွေကို ဥရောပ အထူးသဖြင့် အီတလီဆီကနေ ရရှိတယ်လို့ သိရပါတယ်။ ဈေးနှုန်း ပိုင်းတွေ ကတော့ Base Urban Edition ကို $ 15,560 လောက် နဲ့ စတင်လာနိုင်ပြီး အဆိုပါ ကားမှာတော့ 6 Kilowatt Hour Battery ကို တပ်ဆင်ထားကာ တစ်နာရီ ၅၅ မိုင်အထိ အမြင့်ဆုံး မောင်းနှင်နိုင်ပါတယ်။ အဆိုပါ ကားရဲ့ အထက်မှာတော့ 10.5 kWh Battery နဲ့ 14 kWh Battery တွေပါတဲ့ ကားတွေရမှာ ဖြစ်ပြီး အမြင့်ဆုံး ၁၀၈ မိုင် နဲ့ ၁၄၃ မိုင် အထိ ရရှိမှာပါ။ အဆိုပါ ကားတွေ မှာတော့ 15 hp ရှိတဲ့ လျှပ်စစ် မော်တာတွေ တပ်ဆင်ပေးထားလို့ တစ်နာရီ ၅၅ မိုင် အထိ ရှိထားကာ မြို့ထဲ မောင်းဖို့ အဓိက ရည်ရွယ်ထားလို့ပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

လက်ရှိမှာတော့အမှာစာပေါင်း ၃၀,၀၀၀ လောက် အထိ ရထားပြီး ဖြစ်ပေမယ့် အခုလို ကားထုတ်လုပ်ရေးကို လုပ်ကိုင် ရတာကတော့ သိပ်ပြီး မလွယ်ကူလှဘူးလို့ Micro က ဆိုထား ပါတယ်။ ကုမ္ပဏီ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ တုန်းက သူတို့ အတွက် ပထမဆုံးသော စတင် ထုတ်လုပ်နိုင်ဖို့ ရည်မှန်းချက်တွေနဲ့ လွဲချော်ခဲ့ရဖူး ပါတယ်။ ဒါပေမယ့် အဆိုပါ အလွဲ ကြောင့်ပဲ အခုကားကို ပြန်လည်ဆန်းသစ်ကာ လုံခြုံရေးပိုင်း ပိုပြီး ကောင်း မွန်လာအောင် ပြင်ဆင်ပေးနိုင် ခဲ့လို့ အဆိုးထဲက အကောင်းဖြစ် ခဲ့ပါတယ်။ ကားရဲ့ မူလ ဒီဇိုင်းကိုတော့ Steel Tubular Frame Chassis ပေါ် အခြေခံ ဖန်တီးထားပြီး ဒီဇိုင်းလည်း ပြောင်းထားတာကြောင့် စတီးနဲ့ အလူ မီနံယံတို့ ပေါင်းထားတာအဖြစ် မြင်ရမှာပါ။ အထင်ကြီးစရာ ကောင်းတာတစ်ခု ကတော့ အလေးချိန်ဖြစ်ပြီး ပေါင်ချိန် အနေနဲ့ တော့ အသေးဆုံး ဘက်ထရီနဲ့ ဆိုရင် ၁,၀၉၅ ပေါင်ပဲ ရှိတာ ဖြစ်ကာ အကြီးဆုံး ဘက်ထရီ နဲ့ ဆိုရင်တော့ ၁,၁၈၀ ပေါင် အထိပဲ ရှိမှာပါ။ နောက်တစ်ချက် ကတော့ ၈ ပေ ပဲ ရှိတဲ့ ကားရဲ့အရှည် ဖြစ်ကာ သာမန်မြို့ထဲမှာတော့ ပါကင်နေရာရှာဖို့ အတော်လွယ်ကူမှာပါ။ ဒါ့အပြင် ပစ္စည်းထည့်ဖို့ အတွက် 10.6 ကုဗပေ ပမာဏ ရှိတဲ့ နေရာကိုလည်း ကားကိုရအောင် ဖန်တီး ပေးထားပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို ကားဈေးတွေတက်နေတဲ့ အချိန်မျိုးမှာဆိုရင် ဈေးသက်သာပြီး အဆင်ပြေလွန်းတဲ့ Microlino ကားလေးကတော့ ယခင် ၁၉၅၀ ဝန်းကျင်တုန်းက Isetta နဲ့ မူလ Fiat 500 ကားတွေလိုပဲ ဂန္ဓဝင် ကားတစ် စီး ဖြစ်လာ နိုင်ပါတယ်။

Ref: MotorAuthority

Exit mobile version