MyCars Myanmar

အမေရိကမှာ ယခုနှစ်ထဲ Level 3 မောင်းသူမဲ့ အဆင့်ရလာနိုင်တဲ့ မာစီးဒီး 

မနှစ်က ဒီဇင်ဘာမှာ ကတည်းက Mercedes-Benz တို့က နိုင်ငံတကာအဆင့် အသိအမှတ်ပြု Level 3 အဆင့် မောင်းသူမဲ့စနစ်ကို ပထမဆုံး ရရှိလာခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ အဆိုပါစနစ်ကိုတော့ S-Class ကားအသစ် တွေနဲ့ All-Electric EQS လျှပ်စစ် ကားတွေမှာ ရရှိနေပြီ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာ ဆိုရင် တော့ ယာဉ်မောင်းတွေ အဖို့ အဆင်သင့် အနေအထားလေးတော့ ရှိရဦးမှာ ဖြစ်ပေမယ့်လည်း အခြေအနေ အတော်များများ လက်လွှတ်ထားပြီး ကားက အလိုအလျောက် မောင်းနေမယ့် အခြေအနေ ဖြစ်လာနေပါပြီ။ အခု ဆိုရင်တော့ အဆိုပါ နည်းပညာသစ်ကို အမေရိကမှာ အခုနှစ်မကုန်ခင် တရားဝင် စတင်ဝင်ရောက် လာဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အဆိုပါ ဂျာမနီ နာမည် ကြီး ကားကုမ္ပဏီရဲ့ CEO ဖြစ်သူ Ola Kallenius ကတော့ အဆိုပါ Level 3 မောင်းသူမဲ့ စနစ်ကို မကြာမီမှာပဲ အမေရိက ဈေးကွက်ထဲ အပြည့်အဝ လည်ပတ် နိုင်ဖို့အတွက် အရှိန်မြှင့်ကြိုးစားနေပြီလို့ အတည်ပြုထားပါတယ်။ ၂၀၂၁ ရဲ့ ကုမ္ပဏီ ဘဏ္ဍာရေး အခြေအနေ တွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပြောကြား လိုက်တာဖြစ်ပြီး အခုနှစ်ထဲ သူတို့ရဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit: motor 1.com

လက်ရှိ မှာတော့ အဆိုပါ စနစ်ကို အမေရိကမှာ စမ်းသပ်မှုတွေပါ ပြုလုပ်နေပြီးမကြာမီမှာပဲ တရားဝင် စတင် အသုံးပြုနိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှု တွေလည်း ရှိနေပြီဖြစ်တယ်လို့ CEO ကပြော ကြားထားပါတယ်။ ဒါပေမယ့်လည်း အသေးစိတ် အချက်အလက်တွေအထိတော့ ဆက်လက် ပြောကြား ထားခြင်း မရှိသေးပဲ နည်းပညာ အသစ်ကိုတော့ အပြည့်အဝ သုံးနိုင်ရမယ်လို့ပဲ ဆိုထားတာ တွေ့ရပါတယ်။ Mercedes S-Class အသစ် နဲ့ EQS လျှပ်စစ် ကားတွေမှာတော့ အဆိုပါ စနစ်ပါဝင်ပြီးသား Drive Pilot စနစ်ကို ထည့်ပေးထားတာဖြစ်ပြီး လမ်းကြပ်နေပြီး ရှုပ်ထွေးတဲ့ နေရာတွေမှာတောင်မှ တစ်နာရီကို ၃၇ မိုင် နှုန်း လောက်နဲ့ အလိုအလျောက် ထိန်းချုပ် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ စနစ်ကိုသာ အပြည့်အဝ သုံးနိုင် မယ်ဆိုရင်တော့ ကားကြပ်တဲ့နေရာတွေ ရောက်ရင်လည်းဘရိတ်နင်းတာ၊ အရှိန်တင်တာနဲ့ လမ်းကြော ပြောင်း ယူတာတွေ အထိပါ ယာဉ်မောင်းက ဘာမှ လုပ်စရာမလိုပဲ အလို အလျောက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်ကိုတော့ ဂျာမနီရဲ့ ၈,၁၉၇ မိုင် လောက် ရှည်လျားတဲ့ လမ်းကြောင်း ပမာဏမှာ စတင်ရရှိနေပြီ ဖြစ်ပါတယ်။ Mercedes တို့ကတော့ အဆိုပါ စနစ် တွေပါလာမယ့် S-Class အသစ်တွေနဲ့ EQS ကားတွေကို အခု ၂၀၂၂ ဒုတိယ နှစ်ဝက်လောက်မှာတင်ပဲ စတင်ရောင်းချ ပေးလာနိုင် တော့မှာပါ။

Photo Credit: motor 1.com

နည်းပညာပိုင်းအရ Level 3 ‌အဆင့်မောင်းသူမဲ့ စနစ်ကို စတင်နိုင်ခဲ့တာကတော့ Audi ကုမ္ပဏီ ဖြစ်ပြီး Audi A8 နဲ့ အတူ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ နည်းပညာတွေကိုတော့ လက်ရှိ အချိန်အထိ ဥရောပနဲ့ အမေရိကတို့မှာ သုံးခွင့်မရနိုင်သေးတာပါ။ နောက်ပိုင်းမှာတော့ အဆိုပါ နည်းပညာ နယ်ပယ်‌ထဲကို နောက်ထပ် နာမည်ကြီး BMW ကုမ္ပဏီကပါ ဝင်ရောက်လာဖို့ ရှိနေပြီး မျိုးဆက်သစ် 7 Series တွေနဲ့ အတူ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။

Ref: motor1.com

Exit mobile version