MyCars Myanmar

လျှပ်စစ် SUV ကားရဲ့တရားဝင် အမည် ထွက်ရှိလာပြီဖြစ်တဲ့ Lotus !

နာမည်ကြီး Lotus ဆီက SUV ကားဆိုတဲ့ အတွေး တစ်ခုကတော့ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် တုန်းက မြင်ခဲ့ရတဲ့ High-Riding APX concept ကတည်းက စတင်ခဲ့တာပါ။ တကယ့် လက်တွေ့မှာတော့ အဆိုပါ ကားက ထုတ်လုပ်တဲ့ အဆင့်ကို ရောက်မလာတော့ပဲ အဆိုပါ အချိန်တုန်းကတော့ ထုတ်လုပ်မယ်ဆိုရင် V6 Engine ကို သုံးဖို့ ပြင်ဆင်ထား ခဲ့ကြတာပါ။ ဒါပေမယ့် အခု ခေတ်သစ်တစ်ခု ရောက်လာတဲ့ အခါမှာတော့ လျှပ်စစ် စွမ်းအင်နဲ့ ထွက်လာဖို့ ဖြစ်လာခဲ့ပါပြီ။ အခု ‌ဆိုရင်တော့ အဆိုပါ ကားတရားဝင် ပွဲထုတ်ဖို့ ရက်ပိုင်းလေး အလို မှာပဲ နာမည်ကိုပါ တရားဝင် ချပြလိုက်ပြီ ဖြစ်ကာ ကားလေးကတော့ Eletre ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု နာမည်ကတော့ ကုမ္ပဏီ ရဲ့ နာမည်ပေး ခဲ့ကြတဲ့ ထုံးစံအတိုင်း E ဆိုတဲ့ စာလုံးလေးနဲ့ ပါလာခဲ့ပါသေးတယ်။ ဒါ့အပြင် အခု ကားကတော့ ပထမဆုံးသော လျှပ်စစ်ကား ဆိုတာအပြင် တရုတ်မှာ တပ်ဆင်ထုတ်လုပ်မယ့် ကုမ္ပဏီရဲ့ ပထမဆုံး ကားအဖြစ်ပါ မှတ်တမ်း ဝင်သွားဦးမှာပါ။ အထူးသဖြင့် Lotus ရဲ့ မူလကုမ္ပဏီ ဖြစ်တဲ့ Geely က တည်ဆောက် ထားတဲ့ တရုတ်နိုင်ငံ ဝူဟန် က စက်ရုံမှာ အခု ကားကို ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပုံမှန် အရေအတွက်နဲ့ ဆက်တိုက် ထုတ်လုပ်သွားမယ့် ကုမ္ပဏီရဲ့ ပထမဆုံး ကားအဖြစ်ပါ ထပ်ပြီး မှတ်တမ်းဝင်သွား ခဲ့ပြန်ပြီး ယခင် Evija Hypercar တုန်းကတော့ အစီးရေ ၁၃၀ အထိပဲ ထုတ်လုပ်ပေးခဲ့လို့ ဖြစ်ပါတယ်။

 

တစ်ချိန် တည်းမှာပဲ အဆိုပါ လျှပ်စစ်ကားသစ်ကိုတော့ နေ့စဉ်ဘဝမှာ သုံးဖို့ အဆင်ပြေရန် အတွက် ရည် ရွယ်ပြီး Bespoke Electric Platform ကို သုံးလာမှာပါ။ လက်ရှိ မှာတော့ နမူနာ ပုံရိပ်တွေအရ ကားရဲ့ အတွင်းခန်းနဲ့ အပြင် ပိုင်းတွေကို အကြမ်းဖျဉ်း မြင်တွေ့ထားရပြီး တကယ့်လက်တွေ့မိတ်ဆက်တဲ့ အခါ ဘယ်လိုဖြစ်လာမလဲသာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရတော့မှာပါ။ Type 135 လို့ စက်ရုံတွင်း လူသိများ ထားတဲ့ အခုကားကတော့ Porsche Cayenne ကားအရွယ်လောက် ရှိလာလိမ့်မယ်လို့လည်း ခန့်မှန်း နေကြ ပါတယ်။ အခုလို အသုံးပြုမယ့် Platform အကြောင်း အပြင် နောက်တစ်ချက် သိထားရတာကတော့ ကားရဲ့ Wheelbase ဖြစ်ပြီး ၁၁၃.၇ လက် နဲ့ ၁၂၂ လက်မ အထိ ရှိမယ်လို့ သိရပါတယ်။ ဘက်ထရီပိုင်း ကလည်း 120 kWh အထိ ကြီးတဲ့ ဘက်ထရီ ဖြစ်လာနိုင်ပြီး 800 V အမြန် အားသွင်း စနစ်အထိကိုလည်း ထောက်ပံ့ ပေးလာနိုင်ပါတယ်။ ဒါ့အပြင် ပညာရှင်တစ်ချို့ ကတော့ အခုကားမှာ All- Wheel Drive စနစ်သုံးလာလိမ့် မယ်လို့ ခန့်မှန်းထားပြီး လျှပ်စစ်မော်တာ ၂ လုံးလည်း ပါဝင်လာမယ်လို့ ဆိုနေကြ ပါတယ်။

Photo Credit: motor 1.com

တကယ်တမ်း ထုတ်လုပ်လာတဲ့ အခါမှာ ဆိုရင်တော့ ကားရဲ့ စွမ်းဆောင်ရည်ပိုင်းက 600 hp ကနေ 700 hp အကြား လောက်အထိ ရှိလာနိုင်ပါတယ်။ Evijia မှာတုန်းကတော့ ကားရဲ့ အလေးချိန်က ၃,၇၀၀ ပေါင် အထိကို ရှိခဲ့တာကြောင့် အခု ကားကလည်း Elise Sports Car ၂ စီးစာလောက် လေးနေမယ်ဆိုရင် သိပ်အံ့ အားသင့်စရာ ကောင်းမှာတော့ မဟုတ်ပါဘူး။ လာမယ့် ၂ နှစ် အတွင်းမှာပဲ အဆိုပါ SUV ကို တံခါး လေး ပေါက်နဲ့ ပိုသေးတဲ့ Crossover ကားတွေ အဖြစ် ဆက်တိုက် နောက်က လိုက်ပြီး ပြောင်းလဲ ထွက်လာ နိုင်ပါ သေးတယ်။ သေချာတာကတော့ အဆိုပါ နောက်ဆက် တွဲ ကားတွေ အကုန်လုံးကလည်း လျှပ်စစ် စွမ်းအင် သုံး ဖြစ်လာနိုင်ကာ လက်ရှိ Lotus ရဲ့ ICE အင်ဂျင်သုံးကားတွေထဲမှာ တော့ Emira က နောက်ဆုံး ဖြစ်လာ တော့မှာပါ။ လာမယ့် ၂၀၂၆ အရောက်မှာတော့ Alpine နဲ့ တွဲဖက်ထုတ်လုပ် ထားမယ့် Sports ကား တစ်စီး လည်း ထွက်ပေါ်လာဖို့ ရှိနေသေးတာကြောင့် စိတ်ဝင်စားစရာ အနာဂါတ် ကိုတော့ မြင်နေရပါပြီ။

Ref: motor 1.com

Exit mobile version